မြန်မာ-လာအိုနယ်စပ်သို့ သယ်ဆောင်မည့် ကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ တာချီလိတ်မြို့နယ်တွင် ဖမ်းဆီးရမိကြောင်း နိုဝင်ဘာ ၉ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်တုံကျေးရွာအနီး၊ ဝမ်တုံ-မယ်ဆိုင်ရေချောင်းသွား ကားလမ်းတွင် ဝမ်တုံဘက်မှ မယ်ဆိုင်ရေချောင်းဘက်သို့ စိုင်းဆုတ်(ခ)စိုင်းကျော် မောင်းနှင်ပြီး စိုင်းစိုင်း(ခ)အိုက်ကျိုင်း (ခ)စိုင်းဖွန်းလိုက်ပါလာသည့် ဆိုင်ကယ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ဆိုင်ကယ်ပေါ်ရှိ စက္ကူဂျပ်ဖာအတွင်းမှ ကျပ်သိန်း ၂၈၃၅ ခန့်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၅၄ တုံး၊ အလေးချိန် ၁၈ ဒသမ ၉ ကီလိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်မှ မြန်မာ-လာအိုနယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့ နှစ်ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။