၂၀၁၃ ခုနှစ်က ဆန်းတို့စ်အသင်းမှ ဘာစီလိုနာအသင်းသို့ အပြောင်းအရွှေ့၌ မည်သည့်ဆွေးနွေးညှိနှိုင်းမှုတွင်မှ ပါဝင်ပတ်သက်ခြင်းမရှိဘဲ ဖခင်ဖြစ်သူ ပြောသမျှကိုသာ လက်မှတ်ရေးထိုးပေးခဲ့ခြင်းဖြစ်သည်ဟု PSG နှင့် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက အောက်တိုဘာ ၁၈ ရက်က ဘာစီလိုနာတရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။
နေမာနှင့် အခြားတရားစွဲဆိုခံရသူ ရှစ်ဦးသည် လိမ်လည်မှု၊ ခြစားမှုစွဲချက်အတွက် တရားခွင်တွင် လာရောက်ထွက်ဆိုခြင်းဖြစ်ပြီး ၎င်းတို့အားလုံးက စွဲချက်အားလုံးကို ငြင်းဆန်ခဲ့သည်။ နေမာသည် ဆန်းတို့စ်မှ ဘာစီလိုနာသို့ အပြောင်းအရွှေ့တွင် ပြောင်းရွှေ့ကြေးငွေပမာဏကို အမှန်တကယ်တန်ဖိုးထက်လျော့ နည်းဖော်ပြခဲ့သည်ဟုဆိုကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ DIS တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
DIS သည် နေမာ၏မူပိုင်ခွင့် ၄၀ ရာခိုင်နှုန်းကို ဆန်းတို့စ်အသင်းထံမှ ဝယ်ယူထားပြီး ပြောင်းရွှေ့ကြေးငွေမှာ ယူရို ၅၇ ဒသမ ၁ သန်းဖြစ်သည်ဟု ဘာစီလိုနာအသင်းက တရားဝင်ပြောကြားခဲ့ကာ ယင်းထဲမှ ယူရိုသန်း ၄၀ ကို ကစားသမား၏ မိသားစုထံ ပေးချေခဲ့သည်။
ထို့ကြောင့် ဆန်းတို့စ်အသင်းသည် ပြောင်းရွှေ့ ကြေးငွေ ယူရို ၁၇ ဒသမ ၁ သန်းသာရှိပြီး ယင်းထဲမှ ၄၀ ရာခိုင်နှုန်းကိုသာ DIS ကုမ္ပဏီက ရရှိသောကြောင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
နေမာ၏ အမှန်တကယ်ပြောင်းရွှေ့ ကြေးငွေမှာ ယူရို ၈၆ ဒသမ ၂ သန်းဖြစ်သည်ဟု သတင်းများကဖော်ပြခဲ့ကြသည်။ DIS သည် နေမာ ၁၇ နှစ်သားအရွယ်က မူပိုင်ခွင့်ကို ယူရိုနှစ်သန်းဖြင့်ဝယ်ယူထားပြီး ယခုတရားစွဲဆိုမှုတွင် နေမာအား ထောင်ဒဏ် ငါးနှစ်၊ ဘာစီလိုနာအသင်းဥက္ကဋ္ဌဟောင်းများဖြစ်သည့် ဆန်ဒရိုရိုဆဲလ်နှင့် ဘာတိုမူတို့အား ဒဏ်ကြေး ယူရို ၁၄၅ သန်းအပြင် ထောင်ဒဏ်များချမှတ်ရန် တောင်းဆိုထားသည်။
"ဒါတွေ (ဆွေးနွေးညှိနှိုင်းမှု) နဲ့ပတ်သက်ပြီး ကျွန်တော့်အဖေက အမြဲဂရုတစိုက် လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ဘယ်ဆွေးနွေးမှုမှ မပါဝင်ခဲ့ပါဘူး။ သူ လက်မှတ်ထိုးဖို့ပြောတိုင်း ကျွန်တော်ကတော့ ထိုးပေးခဲ့တာပါပဲ။ ဘာစီလိုနာအသင်းအတွက် ကစားဖို့ဆိုတာ ကျွန်တော် အမြဲမက်ခဲ့ရတဲ့ အိပ်မက်ပါ။ ငယ်ဘဝအိပ်မက်ပေါ့" ဟု နေမာက တရားရုံးတွင် ထွက်ဆိုခဲ့သည်။
တရားစွဲခံထားရ သူများထဲတွင် နေမာ၏မိဘနှစ်ပါး၊ ကလပ်အသင်း နှစ်သင်း၊ ဆန်ဒရိုရိုဆဲလ်နှင့် ဘာတိုမူ၊ ဆန်းတို့စ်ဥက္ကဋ္ဌဟောင်း အိုဒီလီယိုရိုဒရီဂက်စ်တို့ ပါဝင်နေကြောင်း သိရသည်။
သက်သေအဖြစ် ထွက်ဆိုသူများထဲတွင် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ်လည်း ပါဝင်ခဲ့ပြီး ရီးယဲလ်အနေဖြင့် နေမာအား ခေါ်ယူရန် ၂၀၁၁ ခုနှစ်တွင် ယူရို ၄၅ သန်း၊ ၂၀၁၃ ခုနှစ်တွင် ယူရို ၃၆ သန်းဖြင့် ဆန်းတို့စ်အသင်းထံ ကမ်းလှမ်းခဲ့သော်လည်း ကစားသမားဖြစ် သူက ဘာစီလိုနာအသင်းကိုသာ ရွေးချယ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြခဲ့သည်။















