ရီးယဲလ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာသည် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုBallon d'Or ကို ကြိုတင်ရေပန်းစားခဲ့သည့်အတိုင်း ဆွတ်ခူးနိုင်ခဲ့ပြီး ၆၆ နှစ်အတွင်း အသက်အကြီးဆုံးဆုရှင် ဖြစ်ခဲ့ကြောင်း သိရသည်။
၆၆ ကြိမ်မြောက် Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ ၁၇ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပပြုလုပ်ခဲ့ ပြီး ဆုတံဆိပ် အမျိုးအစား ခုနစ်ခု ချီးမြှင့်ခဲ့သည်။ Ballon d'Or ဆုကို ဆယ်စုနှစ်တစ်ခုမက လွှမ်းမိုးခဲ့သော မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ ပုံမှန်ခြေစွမ်းပြနိုင်ခြင်းမရှိချိန်တွင် အခြားပြိုင်ဘက်များထက် သိသိသာသာခြေစွမ်း ပိုပြခဲ့သည့် ဘန်ဇီမာက ဆုရရှိရန် သေချာသလောက် ဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဘန်ဇီမာသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲကစားကာ ၄၄ ဂိုး သွင်းယူနိုင်ခဲ့သလို၊ လာလီဂါနှင့် ချန်ပီယံလိဂ်ဆုဖလားများ ဆွတ်ခူးခဲ့ခြင်းကြောင့် Ballon d'Or ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့သည်။ "ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ဆုအတွက် အမှန်တကယ်ဂုဏ်ယူမိပါတယ်။ ငယ်စဉ်ကဒီဆုဟာ ကလေးဘဝ အိပ်မက်တစ်ခုပါ။ ဘာမဆိုဖြစ်နိုင်လို့ ဘယ်တော့မှ လည်း လက်မလျှော့ခဲ့ပါဘူး။ လွယ်တော့မလွယ်ခဲ့ပါဘူး။ ကျွန်တော့် မိသားစုအတွက် ခက်ခဲတဲ့အချိန်လည်း ရှိခဲ့ပါတယ်"ဟု ဘန်ဇီမာက ပြောကြားခဲ့သည်။
အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆု (Ballon d'Or Ferminin) ကို ဘာစီလိုနာအသင်းမှ စပိန်ကွင်းလယ်လူ ပူတဲလက်စ် က နှစ်နှစ်ဆက် ဆွတ်ခူးခဲ့သည်။ ယခုနှစ်တွင် ပထမဆုံးထည့်သွင်း ချီးမြှင့်သည့် Scorates Award ကို လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းမှ ဆီနီဂေါကစားသမား မာနေက ရရှိ ခဲ့သည်။ ယင်းဆုမှာ အများအကျိုးအတွက် လုပ်ဆောင်ခဲ့သည့် ဘရာဇီးလ်ကစားသမားဟောင်း ဆိုကရေးတီးစ်ကို ဂုဏ်ပြုသည့်အနေဖြင့် ချီးမြှင့်ခြင်းဖြစ်သည်။















