PSG အသင်း၏ ဘောလုံးအကြံပေးဖြစ်သူ လူးဝစ်ကမ်ပို့စ်က အသင်း၏ကြယ်ပွင့်တိုက်စစ်မှူး ကီလီယန်ဘာပေသည် အသင်းမှ ထွက်ခွာလိုသည်ဟု တစ်ခါမျှမပြောခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ကီလီယန်ဘာပေသည် ယခုလာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာလိုသည်ဟု အသင်းကို အသိပေးခဲ့ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီးနောက် လူးဝစ်ကမ်ပို့စ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လူးဝစ်ကမ်ပို့စ်သည် ကီလီယန်ဘာပေကြောင့် PSG အသင်းတွင် လက်ရှိရာထူးကို ရရှိထားသူဟု သုံးသပ်ခံနေရသူဖြစ်ပြီး သူသည် ဘာပေအား အသက် (၁၄) နှစ်အရွယ်ကတည်းက ရှာဖွေတွေ့ရှိကာ မိုနာကိုအသင်းထံသို့ ပို့ဆောင်ပေးခဲ့သူဖြစ်သည်။
ထို့အတူ ဘာပေ၏ ကစားသမားဘဝတစ်လျှောက် လိုက်လံပံ့ပိုးပေးခဲ့သူဖြစ်ပြီး ဘာပေ၏ ဖခင်လို အုပ်ထိန်းမှုမျိုး ရှိနေသည်ဆိုသည့် သုံးသပ်မှုများလည်းရှိသည်။ PSG အသင်းမှ လီယိုနာဒို ထွက်ခွာသွားပြီးနောက် လူးဝစ်ကမ်ပို့စ်သည် အသင်းထံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အားကစားဒါရိုက်တာ ကဲ့သို့လည်းကောင်း၊ ဘောလုံးအကြံပေးတစ်ဦးအဖြစ်လည်းကောင်း ဆောင်ရွက်နေသူဖြစ်သည်။
ယခုအခါ လူးဝစ်ကမ်ပို့စ်က "သူ PSG အသင်းက ထွက်ခွာချင်တယ်လို့ ကျွန်တော့်ကို တစ်ခါမှ မပြောခဲ့ဖူးပါဘူး"ဟု ပြောကြားခဲ့ပြီး ကီလီယန်ဘာပေသာ အသင်းမှ အမှန်တကယ်ထွက်ခွာလိုပါက သူအရင်ဆုံးသိရမည်ဟုလည်း လူးဝစ်ကမ်ပို့စ်က ဆိုခဲ့သည်။
ထို့ပြင် "ကျွန်တော့်ကို မပြောသလို၊ တခြား ဘယ်သူ့ကိုမှလည်း သူမပြောခဲ့ပါဘူး။ အသင်းဥက္ကဋ္ဌကိုလည်း ဒီသတင်းတွေ ထွက်လာလာချင်း ကျွန်တော် လှမ်းမေးကြည့်ပြီးပါပြီ။ ဘာပေက ဘယ်သူ့ကို မှ ဒီလိုမပြောခဲ့ပါဘူး။ ကျွန်တော့်အမြင်ကတော့ ဘာပေရဲ့အခြေအနေက အရမ်းရှင်းလင်းပါတယ်။ သူက PSG အသင်းမှာပဲ အနည်းဆုံး သူ့လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ဆက်ကစားသွားမှာပါ။ ကျွန်တော် အခု ဒီနေရာကနေပြီး ထွက်ပေါ်နေတဲ့ သတင်းအားလုံးကို ငြင်းဆန်ပါတယ်။ ဘာပေဟာ ကျွန်တော် သို့မဟုတ် အသင်းဥက္ကဋ္ဌဆီကို အသင်းကထွက်ခွာဖို့အတွက် ဆက်သွယ်တာ လုံးဝ မရှိပါဘူး"ဟု ပြောကြားခဲ့သည်။
ဘာပေသည် ယခုရာသီတွင် PSG အသင်းအတွက် ကစားခဲ့သည့်ပွဲစဉ် (၁၃)ပွဲတွင် (၁၂)ဂိုးအထိ သွင်းယူထားသူဖြစ်ပြီး နောက်ဆုံးသွင်းယူခဲ့သည့်ဂိုးမှာ ပြီးခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘင်ဖီကာအသင်းနှင့် (၁-၁) ဂိုးဖြင့် သရေကျခဲ့ရာ၌ သွင်းယူခဲ့သည့် သွင်းဂိုးဖြစ်ကြောင်းလည်း သိရှိရသည်။















