စပါးအသင်း၏ တိုက်စစ်ကစားသမားနှစ်ဦးဖြစ်သည့် ဟာရီကိန်းနှင့် ဆွန်ဟောင်မင်တို့သည် ဖရန့်ဖတ်အသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် အပြန်အလှန်ဖန်တီးပေးမှုုဖြင့် သွင်းယူခဲ့သည့် ဂိုးအရေအတွက် (၅၀)ပြည့်မြောက်ခဲ့ကြောင်း သိရသည်။
ဟာရီကိန်းနှင့် ဆွန်ဟောင်မင်သည် ၂၀၁၅ ခုနှစ်တွင် စပါးအသင်း၌ စတင်တွဲဖက်ကစားခဲ့ကြပြီး လက်ရှိအချိန်၌ နှစ်ဦးတွဲဖက်ကစားသည့်ပွဲပေါင်း (၂၀၀)ကျော်ရှိသွားခဲ့ပြီဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အပြန်အလှန်ဖန်တီးပေးမှုအများဆုံး တိုက်စစ်အတွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မှတ်တမ်းသစ် ထပ်မံရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ၎င်းတို့နှစ်ဦးပေါင်း အပြန်အလှန်ဖန်တီးပေးမှုမှာ ဂိုး(၅၀)ပြည့်သွားခဲ့ပြီဖြစ်ပြီး ဟာရီကိန်းက ဆွန်ဟောင်မင်ကို (၂၄)ဂိုး ဖန်တီးပေးခဲ့ပြီး ဆွန်ဟောင်မင်ကက ဟာရီကိန်းကို (၂၆)ဂိုး ဖန်တီးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Opta မှ ပြုစုထားသည့် မှတ်တမ်းအရ ၎င်းတို့နှစ်ဦး အပြန်အလှန်ဖန်တီးမှုများဖြင့် သွင်းယူခဲ့သည့် ဂိုးများမှာ ပရီးမီးယားလိဂ်တွင် (၄၃)ဂိုး၊ ချန်ပီယံလိဂ်တွင် (၂)ဂိုး၊ FA ဖလားတွင် (၂)ဂိုး၊ ယူရိုပါလိဂ်တွင် (၁)ဂိုး၊ ကွန်းဖရန့်လိဂ်တွင် (၁) ဂိုး၊ ယူရိုပါလိဂ်ခြေစစ်ပွဲတွင် (၁)ဂိုး သွင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးသည် သက်ဆိုင်ရာလက်ရွေးစင်အသင်းများ၏ အသင်းခေါင်းဆောင်များဖြစ်ပြီး အင်္ဂလန်မြေ၌ အတွဲအဖက်မိနေခြင်းလည်းဖြစ်သည်။















