ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေး စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၃၈၈၀ သတ်မှတ်ထားသော်လည်း စျေးကွက်အတွင်း လက်လီစျေးတစ်ပိဿာ ကျပ် ၆၀၀၀ ဝန်းကျင်ရှိနေ

ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေး စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၃၈၈၀ သတ်မှတ်ထားသော်လည်း စျေးကွက်အတွင်း လက်လီစျေးတစ်ပိဿာ ကျပ် ၆၀၀၀ ဝန်းကျင်ရှိနေ
Published 11 October 2022

ရန်ကုန်အထိုင်စျေး အခြေခံလက်ကား ရည်ညွှန်းစျေးမှာ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၃၈၈၀ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့စျေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းစျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုတပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် စျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၃၈၈၀ ဖြစ်သည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ပုဂ္ဂလိကကုမ္ပဏီအချို့က စားဆီတစ်ပိဿာလျှင် အောက်တိုဘာ  ၁၁ ရက်က ကျပ် ၄၁၀၀၊ အောက်တိုဘာ ၉ ရက်က ကျပ် ၄၂၀၀ ဖြင့် မြို့နယ်အလိုက် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ရပ်ကွက်အလိုက် လှည့်လည်ရောင်းချပေးလျက်ရှိသည်။

သို့သော်လည်း စျေးကွက်အတွင်း စားအုန်းဆီလက်လီစျေးတစ်ပိဿာလျှင် ကျပ် ၆၀၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့်မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအခြေခံလက်ကားရည်ညွှန်း စျေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ website:www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Most Read

Most Recent