ဟေတီတွင် သုံးနှစ်အတွင်း ကာလဝမ်းရောဂါကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုများ ဖြစ်ပွား

ဟေတီတွင် သုံးနှစ်အတွင်း ကာလဝမ်းရောဂါကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုများ ဖြစ်ပွား
၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၁ ရက်က ဟေတီနိုင်ငံရှိ ကာလဝမ်းရောဂါစင်တာတွင် ကုသမှုခံယူနေသည့် ကာလဝမ်းရောဂါခံစားနေရသော ကလေးတစ်ဦးအား တွေ့ရစဉ် (Photo-AFP)
၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၁ ရက်က ဟေတီနိုင်ငံရှိ ကာလဝမ်းရောဂါစင်တာတွင် ကုသမှုခံယူနေသည့် ကာလဝမ်းရောဂါခံစားနေရသော ကလေးတစ်ဦးအား တွေ့ရစဉ် (Photo-AFP)
Published 3 October 2022
Ref:AFP

ဟေတီနိုင်ငံတွင် ကာလဝမ်းရောဂါကြောင့် လူခုနစ်ဦးထက်မနည်းသေဆုံးခဲ့သည်ဟု အာဏာပိုင်များက အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့ပြီး ပဋိပက္ခများနှင့် ရင်ဆိုင်နေရသော ဟေတီနိုင်ငံတွင် ကူးစက်ရောဂါ တစ်ဖန်ပြန်လည်ပေါ်ပေါက်လာမည့်အရေးကို စိုးရိမ်လျက်ရှိသည်။

ဟေတီတွင် ၂၀၁၀ ပြည့်နှစ်က ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ကာလဝမ်းရောဂါကြောင့် လူ ၁၀၀၀၀ ဝန်းကျင်သေဆုံးခဲ့သည်။

ဟေတီ၏နောက်ဆုံး ကာလဝမ်းရောဂါဖြစ်စဉ်အတည်ပြုဖြစ်ပွားပြီးနောက် သုံးနှစ်နီးပါးအကြာတွင် ပို့အူပရင့်စ်မြို့တော်နှင့် အိမ်နီးချင်းကမ်းရိုးတန်းမြို့ဖြစ်သည့် ဆိုက်ဆိုလီတွင် ကာလဝမ်းရောဂါဟုသံသယရှိသည့် ဖြစ်စဉ်အများအပြားကို တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂ ရက်၌ ပြောကြားခဲ့သည်။

အောက်တိုဘာ ၂ ရက် နေ့လယ်ခင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဟေတီကျန်းမာရေးဝန်ကြီးဌာန၏အထွေထွေညွှန်ကြားရေးမှူး လော်ရီအေဒရီယန်က ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ခုနစ်ဦး သို့မဟုတ် ရှစ်ဦးအထိရှိကြောင်း ပြောကြားခဲ့သည်။

“သေဆုံးသူ အများစုဟာ ရပ်ရွာအတွင်းမှာပဲ သေဆုံးသွားခဲ့ကြပြီး ဆေးရုံတွေဆီ မသွားနိုင်ခဲ့ကြပါဘူး” ဟု ၎င်းက ဆိုသည်။

အေဒရီယန်က နိုင်ငံတစ်ဝန်းမကြာသေးမီက လောင်စာဆီစျေးတက်မှုများကို ဆန့်ကျင်သည့် ဆန္ဒပြမှုများကြောင့် လမ်းများပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးရန်တောင်းဆိုခဲ့ပြီး ယင်းသို့လုပ်ဆောင်ပေးခြင်းဖြင့် ကာလဝမ်းရောဂါကူးစက်ခံရသူများအနေဖြင့် ကျန်းမာရေးအဆောက်အအုံများသို့ လာရောက်နိုင်မည် သို့မဟုတ် ဆေးရုံကားများဖြင့် သွားရောက်ခေါ်ဆောင်နိုင်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

၂၀၁၀ ခုနှစ် ကာလဝမ်းရောဂါဖြစ်ပွားချိန်က ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များက အညစ်အကြေးစွန့်ချရာ Artibonite မြစ်အနီးဝန်းကျင်တွင် ပထမဆုံးကာလဝမ်းရောဂါဖြစ်ပွားမှုကို တွေ့ရှိခဲ့သည်။

ကုလသမဂ္ဂတာဝန်ရှိသူများက ဟေတီတွင် ကပ်ရောဂါစတင်မှုသည် ၎င်းတို့ကြောင့် ဖြစ်သည်ဟူသည့်အချက်ကို ၂၀၁၆ ခုနှစ် သြဂုတ်လမတိုင်မီအထိ ဝန်မခံခဲ့ပေ။

ကာလဝမ်းရောဂါ ကူးစက်မှုကိုထိန်းချုပ်ရန်နှင့် အသက်ကယ်ဆောင်ရွက်မှုများ ထောက်ပံ့ပေးရန် ဟေတီအစိုးရ၏ဆောင်ရွက်မှုများကို ထောက်ပံ့ပေးခဲ့သည်ဟု ကုလသမဂ္ဂက အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၂ ရက်နေ့မတိုင်မီ နောက်ဆုံးတွေ့ရှိခဲ့သည့် ကာလဝမ်းရောဂါဖြစ်ပွားမှုသည် ၂၀၁၉ ခုနှစ်ကဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီတွင် နိုင်ငံတွင်း ကာလဝမ်းရောဂါ ကင်းစင်မှုအထိမ်းအမှတ်အဖြစ် အခမ်းအနားတစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကာလဝမ်းရောဂါဖြစ်ပွားမှု နှစ်ပေါင်းများစွာ ကျဆင်းလာခဲ့ပြီးနောက် လက်ရှိတွင် ကာလဝမ်းရောဂါဖြစ်ပွားမှု စိုးရိမ်ဖွယ်မြင့်တက်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စက်တင်ဘာ ၃၀ ရက်တွင် သတိပေးပြောကြားခဲ့သည်။ ယခုနှစ်ပထမကိုးလအတွင်း နိုင်ငံပေါင်း ၂၆ နိုင်ငံတွင် ကာလဝမ်းရောဂါဖြစ်ပွားနေသည်ဟု WHO က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း ကာလဝမ်းရောဂါကြောင့် ပျမ်းမျှလူသေဆုံးမှုနှုန်းသည် ယခင်လွန်ခဲ့သည့် ငါးနှစ်ကာလနှင့် နှိုင်းယှဉ်လျှင် သုံးဆနီးပါးပိုမိုမြင့်တက်ခဲ့သည်ဟု ဘာဘိုဇာက ပြောကြားခဲ့သည်။

ဆင်းရဲချို့တဲ့မှုနှင့် ပဋိပက္ခကဲ့သို့ ကာလဝမ်းရောဂါအတွက် အစဉ်အလာအစပျိုးမှုနှင့်အတူ ရာသီဥတုပြောင်းလဲမှုသည် ယင်းရောဂါဖြစ်ပွားမှု ပိုမိုမြင့်တက်စေသည့် ထပ်တိုးအရင်းခံအကြောင်းအရင်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။                                              

 

Most Read

Most Recent