နှစ်နိုင်ငံဆက်ဆံရေး တိုးတက်အောင်လုပ်ဆောင်ရန် အရေးကြီးကြောင်း တရုတ်သမ္မတရှီကျင်းပင်နှင့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါ ပြောကြား

နှစ်နိုင်ငံဆက်ဆံရေး တိုးတက်အောင်လုပ်ဆောင်ရန် အရေးကြီးကြောင်း တရုတ်သမ္မတရှီကျင်းပင်နှင့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါ ပြောကြား
စက်တင်ဘာ ၁၆ ရက်က ဥဇဘက်ကစ္စတန်တွင် ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း၏ ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတရှီကျင်းပင် တက်ရောက်နေစဉ် (Photo : Reuters)
စက်တင်ဘာ ၁၆ ရက်က ဥဇဘက်ကစ္စတန်တွင် ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း၏ ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတရှီကျင်းပင် တက်ရောက်နေစဉ် (Photo : Reuters)
Published 29 September 2022
Ref : AFP

ဒေသတွင်း တင်းမာမှုများ မြင့်တက်နေ စဉ် နှစ်နိုင်ငံ ပုံမှန်သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခါသမယတွင် နှစ်နိုင်ငံဆက်ဆံရေး တိုး တက်စေရေးအတွက် အပြုသဘောဆောင်စွာ ဖြင့် ဦးတည်လုပ်ဆောင်သွားရန် အရေးကြီး ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဂျပန်ဝန်ကြီးချုပ် ဖုမိအို ကီရှီဒါတို့က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ ဖုန်းပြောဆိုမှုအတွင်း သမ္မတရှီကျင်းပင်က တရုတ်-ဂျပန်ဆက်ဆံရေး တိုးတက်မှုရရှိစေရန် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပုံဖော်တည်ဆောက်ရန်အတွက် ဂျပန်ခေါင်းဆောင်နှင့် လက်တွဲလုပ်ဆောင်သွားရန် ဆန္ဒရှိပါကြောင်းလည်း ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့သည်။

တိုကျိုမြို့တွင် ဂျပန်အစိုးရနှင့် ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့၏ ထောက်ခံအားပေးမှုနှင့်အတူ သြဇာကြီးမားသည့် Keidanr ဟုအမည်ရသော ဂျပန်စီးပွားရေးအသင်းအဖွဲ့က ကြီးမှူးကျင်းပခဲ့သည့် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့က သဝဏ်လွှာများ ပေးပို့ခဲ့သည်ဟု သိရသည်။

ထိုအခမ်းအနားသို့ ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ဂျပန်-တရုတ် ဆက်ဆံရေးသည် ပြဿနာများ၊ စိန်ခေါ်မှုအများအပြားတို့နှင့် ရင်ဆိုင်နေရပြီး သစ်လွင်သော အနာဂတ်အတွက် လမ်းစပေါ်လာရန် မျှော်လင့်ပါကြောင်း ပြောကြားထားသည်။

“ဂျပန်နဲ့ တရုတ်နိုင်ငံတို့ဟာ ဒေသတွင်းနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမှု၊ သာယာဝပြောမှုအတွက် ကြီးမားတဲ့ တာဝန်ဝတ္တရားတွေ ရှိနေပါတယ်” ဟုလည်း ကီရှီဒါက ဆိုသည်။

“လာမယ့်နှစ် ၅၀ ကာလကို မျှော်တွေးပြီး အပြုသဘောဆောင်ပြီး တည်တံ့ခိုင်မြဲတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို အဆွေတော်နဲ့အတူ လက်တွဲဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဂျပန်ဝန်ကြီးချုပ်က ထပ်မံပြော ကြားခဲ့သည်။

သမ္မတရှီကျင်းပင်က အဆိုပါအခမ်းအနားသို့ ပေးပို့ခဲ့သည့် သဝဏ်လွှာတွင်လည်း နှစ်နိုင်ငံဆက်ဆံရေးသည် အလွန်ပင်အရေး ကြီးကြောင်းနှင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး အထိမ်းအမှတ် အခါသမယကို အခွင့်အလမ်းအဖြစ် အသုံးချလျက် ဂျပန်ခေါင်းဆောင်နှင့်အတူ လက်တွဲအလုပ်လုပ်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားထားသည်ဟု သိရသည်။

ခေတ်သစ်လိုအပ်ချက်များနှင့် ကိုက်ညီသည့် တရုတ်-ဂျပန်ဆက်ဆံရေးကို အတူတကွ တည်ဆောက်သင့်ကြောင်းလည်း ၎င်းင်းက ထပ်မံပြောကြားခဲ့သည်။

ကမ္ဘာ့ဒုတိယနှင့် တတိယ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံများဖြစ်သည့် တရုတ်နှင့် ဂျပန်တို့သည် အဓိက ကုန်သွယ်ဖက်နိုင်ငံများ ဖြစ်ကြပြီး မကြာသေးမီ နှစ်ပိုင်းအတွင်း သံတမန်ဆက်ဆံမှုများ တိုးတက်လာခဲ့သည့် အရိပ်အယောင်များ မြင်တွေ့လာရပြီး သမ္မတ ရှီကျင်းပင်သည်လည်း ဂျပန်သို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်ရန်စီစဉ်ခဲ့သည်။

ထို့နောက်တွင် တရုတ်က ၎င်းတို့၏စစ်အင်အားကို တိုးချဲ့တည်ဆောက်ခြင်း၊ ဒေသတွင်း၌သာမက တစ်ကမ္ဘာလုံး၌ပါ သြဇာဖြန့်ကြက်ရန် ကြိုးပမ်းလာခြင်းနှင့် နှစ်နိုင်ငံ အငြင်းပွားနယ်မြေနှင့်ပတ်သက်၍ ပိုမိုခက်ထန်သည့် သဘောထားကို ပြသလာခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ ယိုယွင်းလာခဲ့သည်။

မကြာသေးမီ လများအတွင်း တရုတ်၏ ဒုံးကျည်များသည် ဂျပန်၏အထူးသီးသန့် စီးပွားရေးဇုန်အတွင်းသို့ ကျရောက်ခဲ့သည်ဟု ဂျပန်က ယူဆထားပြီး တရုတ်က ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ချိုးဖောက်မှုများတိုး မြှင့်လုပ်ဆောင်လာသည်ဟုဆိုကာ ဂျပန်အစိုးရက ကန့်ကွက်ခဲ့သည်။

Most Read

Most Recent