အထူးစစ်ဆင်ရေးအတွက် ရုရှားစစ်တပ်က စစ်သားသစ်များကို လစာ များပြားစွာပေးမည်ဟု မက်လုံးပေးကာ စုဆောင်းလျက်ရှိ

အထူးစစ်ဆင်ရေးအတွက် ရုရှားစစ်တပ်က စစ်သားသစ်များကို လစာ များပြားစွာပေးမည်ဟု မက်လုံးပေးကာ စုဆောင်းလျက်ရှိ
စစ်သားစုဆောင်ရေးထရပ်ကားနောက်ခံဖြင့် ရုရှားစစ်သားတစ်ဦးကို စက်တင်ဘာ ၁၇ ရက်က ရော့စတော့မြို့တွင် တွေ့ရစဉ် (Photo-AFP)
စစ်သားစုဆောင်ရေးထရပ်ကားနောက်ခံဖြင့် ရုရှားစစ်သားတစ်ဦးကို စက်တင်ဘာ ၁၇ ရက်က ရော့စတော့မြို့တွင် တွေ့ရစဉ် (Photo-AFP)
Published 19 September 2022
Ref:Reuters

ယူကရိန်း၌ အထူးစစ်ဆင်ရေးဟုခေါ်သည့် စစ်ဆင်ရေးအတွက် စာချုပ်ဖြင့် အလုပ်လုပ်မည့် စစ်သားများကို အလိုရှိနေသော ရုရှားစစ်တပ်က မက်လုံးအဖြစ် တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀၀၀ နီးပါးပေးမည်ဟု ကမ်းလှမ်းလျက် ဆန္ဒအလျှောက် စစ်ထဲဝင်လိုသူများကို စွဲဆောင်ရန်ရွေ့လျား စစ်သားစုဆောင်းရေး ထရပ်ကားများကို အသုံးပြုလျက်ရှိသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

အထူးတပ်ဖွဲ့သည် စက်တင်ဘာ ၁၇ ရက်တွင် ရုရှားတောင်ပိုင်းမြို့ကြီး ရော့စတော့ရှိ မြို့လယ်ပန်းခြံထဲတွင် စစ်သားစုဆောင်းရေး ထရပ်ကားကို ရပ်ထားပြီး ရွေ့လျားရုံးခန်းကို မြင်ရစေရန် ထရပ်ကား၏ ဘေးဘက်အခြမ်းများကို ဖယ်ရှားထားသည်။

ပတ်ဝန်းကျင်အရောင်နှင့်တစ်သားတည်းဖြစ်စေရန် ပုံဖျက်ထားသော ဝတ်စုံနှင့် အနက်ရောင်နှာခေါင်းစည်းများ တပ်ထားသော စစ်သားများသည် စိတ်ဝင်စားနေသော လမ်းသွားလမ်းလာများကို ၎င်းတို့၏ သေနတ်များအား ပြသကာ “ယောက်ျားစစ်စစ်၏ ရွေးချယ်မှု၊ စာချုပ်ဖြင့်စစ်မှုထမ်းခြင်းဆိုသည့်စာသားကို ခေါင်းစဉ်တပ်ထားသည့်” ရောင်စုံလက်ကမ်းစာစောင်များကို ဝေငှခဲ့သည်။

ရုရှားရော ယူကရိန်းပါ ၎င်းတို့၏ စစ်သားများ ဆုံးရှုံးမှုကို ထုတ်ဖော်ပြောဆိုကြခြင်းမရှိပေ။ အနောက်ထောက်လှမ်းရေးအဖွဲ့များကမူ နှစ်ဘက်စလုံးတွင်စစ်သား သောင်းချီသေဆုံးသည်ဟု ခန့်မှန်းလျက်ရှိကြသည်။

မိမိတို့စစ်သား ၁၃၅၁ ဦးသေဆုံးခဲ့ပြီး ၃၈၂၅ ဦး ဒဏ်ရာရခဲ့သည်ဟု မတ် ၂၅ ရက်တွင် ရုရှားက ထုတ်ပြန်ခဲ့ကာ ထို့နောက်ပိုင်းတွင် တရားဝင်သေဆုံးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ စစ်သားအင်အားဖြည့်တင်းရေးအတွက် နိုင်ငံတစ်ဝန်းစစ်စည်းရုံးခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းမရှိဟု လွန်ခဲ့သော သီတင်းပတ်တွင် ရုရှားအစိုးရက ပြောကြားခဲ့သည်။

သို့ရာတွင် စစ်သားစုဆောင်းရေး လုပ်နေခြင်းက မော်စကိုအနေဖြင့် နောက်ထပ်စစ်သားများ လိုအပ်နေသည်ကို ပြသလျက်ရှိသည်။ အနည်းဆုံးအထက်တန်းပညာရေးရှိ၍ အသက် ၁၈ နှစ်မှ ၆၀ အထိ ရုရှားနိုင်ငံသားများနှင့် နိုင်ငံခြားသားများသည် အရည်အချင်း ပြည့်မီလိမ့်မည်ဟု ရော့စတော့တွင် ထရပ်ကားကြီးကြပ်နေသည့် အရာရှိက ပြောကြားသည်။

မျိူးချစ်စိတ်ရှိသော နိုင်ငံသားများသည် အထူးစစ်ဆင်ရေးတွင် ပါဝင်ရန် သုံးလ သို့မဟုတ် ခြောက်လ သက်တမ်းရှိသော စာချုပ်များကို ချုပ်ဆိုရန် ရွေးချယ်နေကြသည်ဟု ဗိုလ်မှူးဆာဂေးအာဒါရှက်ဗ်က ပြောကြားခဲ့ပြီး လူတိုင်းအတွက် အလားအလာကောင်းသော သင်တန်းဖြစ်သည်ဟု ဆိုသည်။

အနိမ့်ဆုံးလစဉ် လုပ်ခမှာ ရူဘယ် ၁၆၀၀၀၀ (အမေရိကန်ဒေါ်လာ ၂၇၀၀) ပေးမည်ဟု ကမ်းလှမ်းထားရာ အဆိုပါလုပ်ခသည် ပျမ်းမျှအစိုးရဝန်ထမ်းလစာ၏ သုံးဆနီးပါးရှိသည်။

စစ်ထဲဝင်ရန် အလားအလာရှိသူတစ်ဦးမှာ ဂီတပညာရှင်ဗစ်တာယာကူနင်ဖြစ်သည်။ စစ်မှုထမ်းရန် စိတ်ကူးက ၎င်းကို အမြဲတမ်းဆွဲဆောင်နေသည်ဟု ဗစ်တာယာကူနင်က ပြောကြားခဲ့ပြီး ယခုအခါလိုအပ်သော အထောက်အထားများကို စုဆောင်းနေသည်ဟု ဆိုသည်။

“ကျွန်တော်က လေကြောင်းချီတပ်သားဖြစ်ချင်တာပါ။ ကလေးကတည်းက မိဘတွေက ကျွန်တော့်ကို အမိနိုင်ငံ ချစ်တတ်အောင်နဲ့ ရုရှားကမ္ဘာကို ကာကွယ်ဖို့ သင်ပေးခဲ့တာဖြစ်ပါတယ်။ ပါ၀ါဟာ ကျွန်တော်တို့နဲ့ အတူရှိနေတယ်လို့ ယုံကြပါတယ်” ဟု ၎င်းက ပြောကြားသည်။                                                    

 

Most Read

Most Recent