ဆိုဗီယက်ယူနီယံပြိုကွဲမှုဖြင့် သမိုင်းဖြစ်စဉ်ကို ပြောင်းလဲခဲ့ပြီး ၂၀ ရာစု၏ အထင်ရှားဆုံးခေါင်းဆောင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် မီခေးဂေါ်ဘာချော့ဗ်သည် အသက် ၉၁ အရွယ်တွင် ရုရှားနိုင်ငံ မော်စကိုမြို့တော်၌ ကွယ်လွန်သွားခဲ့သည်။
သူကွယ်လွန်သည့် သတင်းကို ရုရှားသတင်းအေဂျင်စီများက သြဂုတ် ၃၀ ရက်တွင် ကြေညာခဲ့ပြီး ဂေါ်ဘာချော့ဗ်သည် ပြင်းထန်သည့် ဖျားနာမှုကို ကာလကြာရှည်ခံစားခဲ့ရပြီးနောက် မော်စကိုမြို့တော်ရှိ ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ဆိုဗီယက်ခေါင်းဆောင်အဖြစ် အာဏာရခဲ့သည့် ၁၉၈၅ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း ဂေါ်ဘာချော့ဗ်သည် အမေရိကန်-ဆိုဗီယက် ဆက်ဆံရေးများကို အလွန်အေးခဲနေသည့် အခြေအနေမှ ဆွဲတင်ရာတွင် ကူညီပေးခဲ့ပြီး အသက်ရှင်ကျန်ရစ်သည့် စစ်အေးတိုက်ပွဲကာလ၏ နောက်ဆုံးခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။
သူ့ခေတ်သူ့အခါက သူသည် သြဇာအကြီးမားဆုံးခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ဆိုဗီယက်ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏ ပြုပြင်ပြောင်းလဲမှုများတွင် အရှေ့ဥရောပကို ဆိုဗီယက်အုပ်ချုပ်မှုအောက်မှ ကင်းလွတ်ခွင့်ပြုခဲ့သည်။
သူလုပ်ဆောင်ခဲ့သည့် အပြောင်းအလဲများကို အနောက်နိုင်ငံများက အမွှမ်းတင်ခဲ့မှုနှင့်အတူ ၁၉၉၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သော်လည်း ရုရှားနိုင်ငံသားအများစုကမူ ကမ္ဘာလုံးဆိုင်ရာ စူပါပါ၀ါအဖြစ် ၎င်းတို့နိုင်ငံ၏အခန်းကဏ္ဍကို အဆုံးသတ်စေခဲ့သူအဖြစ် ၎င်းအား ဝေဖန်ခဲ့ကြသည်။
ဂေါ်ဘာချော့သည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုအတွင်း နိုင်ငံရေးလောကတွင် မထင်မရှားနေထိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားဒေသကို ရုရှားကသိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းအချိန်နှင့် ယခုနှစ်အစောပိုင်းက ယူကရိန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ချိန်တွင် အမေရိကန်နှင့်ရုရှားအကြား စစ်အေးတိုက်ပွဲကာလက တင်းမာမှုအဆင့်သို့ပြန်လည်မြင့်တက်လာသဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးများကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရန် မကြာခဏ တိုက်တွန်းခဲ့သည်။
ဂေါ်ဘာချော့နှင့် လက်ရှိ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား ဆက်ဆံရေးမှာလည်း အဆင်မပြေသည့်အချိန်များ ရှိခဲ့သော်လည်း ပူတင်ကမူ ဂေါ်ဘာချော့ဗ်၏ ကွယ်လွန်မှုအတွက် အလွန်ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။
ဂေါ်ဘာချော့သည် ကမ္ဘာ့သမိုင်းတွင် ကြီးမားသည့် သက်ရောက်မှုကို လုပ်ဆောင်ခဲ့သူဖြစ်သည်ဟု ပူတင်က ပြောကြားခဲ့သည်။
“မီခေးလ် ဂေါ်ဘာချော့ဗ်ဟာ ကမ္ဘာ့သမိုင်းဖြစ်စဉ်အပေါ် ကြီးမားတဲ့ သက်ရောက်မှုကို လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦး၊ အမြော်အမြင်ကြီးမားတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်”ဟု ကရင်မလင်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပူတင်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဂေါ်ဘာချော့ဗ်သည် ကမ္ဘာကို ပိုမိုဘေးကင်းစေရန် လုပ်ဆောင်ခဲ့သူဖြစ်သည်ဟု ဂုဏ်ပြုပြောကြားခဲ့ပြီး တရုတ်သမ္မတ ရှီကျင်းပင်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၁၉၈၀ ပြည့်နှစ်နှင့် ၁၉၉၀ ပြည့်နှစ်များအကြား တရုတ်နှင့် ရုရှားဆက်ဆံရေးများကို မြှင့်တင်မှုတွင် ဂေါ်ဘာချော့ဗ်၏ ပါဝင်လုပ်ဆောင်ခဲ့မှုများအတွက် ဂုဏ်ပြုပြောကြားခဲ့သည်။ ထို့ပြင် ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များကလည်း ဂေါ်ဘာချော့ဗ်၏ ကွယ်လွန်မှုကို ဝမ်းနည်းစကားများ ပြောကြားခဲ့သည်။















