The Open မေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် သြစတြေးလျကစားသမား ကင်မရွန်းစမစ် ဗိုလ်စွဲ ပထမဆုံး မေဂျာချန်ပီယံဆုရရှိခြင်းဖြစ်ပြီး စိန့်အင်ဒရူးကွင်း၌ လျှော့ရိုက်ချက်အများဆုံး စံချိန်တင်

The Open မေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် သြစတြေးလျကစားသမား ကင်မရွန်းစမစ် ဗိုလ်စွဲ ပထမဆုံး မေဂျာချန်ပီယံဆုရရှိခြင်းဖြစ်ပြီး စိန့်အင်ဒရူးကွင်း၌ လျှော့ရိုက်ချက်အများဆုံး စံချိန်တင်
Photo: The Open Twitter
Photo: The Open Twitter
Published 20 July 2022

ယခုနှစ်အတွက် နောက်ဆုံးမေဂျာဂေါ့ဖ် ပြိုင်ပွဲဖြစ်သည့် The Open Championship ပြိုင်ပွဲတွင် သြစတြေးလျကစားသမား ကင် မရွန်းစမစ် အနိုင်ရဗိုလ်စွဲပြီး ကစားသမားဘ၀ ပထမဆုံး မေဂျာချန်ပီယံဆုဖလား ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

    

The Open ပြိုင်ပွဲမှာ ကမ္ဘာ့သက်တမ်း အရင့်ဆုံး ဂေါ့ဖ်ပြိုင်ပွဲဖြစ်ပြီး အကြိမ် (၁၅၀) မြောက်ဖြစ်သည့် ယခုနှစ်ပြိုင်ပွဲကို ဇူလိုင် (၁၄) ရက်မှ (၁၇) ရက်အထိ စကော့တလန်နိုင်ငံ၊ စိန့်အင်ဒရူးမြို့ရှိ Old Course ကွင်း၌ ကျင်းပ ခဲ့သည်။ ကင်မရွန်းစမစ်သည် တတိယနေ့မှ လွဲ၍ ကျန်သုံးရက်တွင် ရိုက်ချက်များကောင်း မွန်ခဲ့ပြီး ပထမနေ့တွင် ငါးချက်လျော့၍ (၆၇) ချက်၊ ဒုတိယနေ့တွင် (၈)ချက်လျော့၍ (၆၄) ချက်၊ တတိယနေ့တွင် တစ်ချက်ပိုကာ (၇၃) ချက်နှင့် နောက်ဆုံးနေ့တွင် (၈)ချက်လျော့၍ (၆၄) ချက်ရိုက်နိုင်ခဲ့သောကြောင့် စုစုပေါင်း ရိုက်ချက် (၂၆၈) ချက်၊ လျှော့ရိုက်ချက် (၂၀) ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ၎င်း၏နောက်တွင် အမေရိကန်ကစားသမား ကင်မရွန်းယန်းက (၁)ချက်အကွာဖြင့် ဒုတိယ၊ နာမည်ကြီး မြောက်အိုင်ယာလန်ကစားသမား မက်အီ ရွိုင်းက (၂)ချက်အကွာဖြင့် တတိယနေရာ ရပ်တည်နိုင်ခဲ့သည်။

    

အသက် (၂၈) နှစ်ရှိပြီဖြစ်သည့် ကင်မရွန်း စမစ်သည် ပရော်ဖက်ရှင်နယ်ကစားသမား ဘ၀ (၉)နှစ်အတွင်း ပထမဆုံး မေဂျာချန်ပီယံ ဆုရရှိခြင်းဖြစ်ပြီး PGA Tour ပြိုင်ပွဲများတွင်  (၆)ကြိမ်မြောက်နှင့် ယခုနှစ်အတွင်း (၃) ကြိမ်မြောက် ချန်ပီယံအောင်မြင်မှု ရယူနိုင် ခြင်းဖြစ်သည်။ ထို့ပြင် ၎င်း၏လျှော့ရိုက်ချက် စုစုပေါင်းမှာ (၂၀၀၀) ပြည့်နှစ်က တိုက်ဂါးဝုဒ် ဗိုလ်စွဲခဲ့စဉ် စံချိန်တင်ခဲ့သည့် (၁၉) ချက်ကို ကျော်ဖြတ်၍ စိန့်အင်ဒရူးကွင်း၌ လျှော့ရိုက် ချက်အများဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး ဆုကြေး ဒေါ်လာ (၂.  ၅) သန်း ဆွတ်ခူးရရှိခဲ့သည်။

    

'' The Open ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာက ယုံကြည်မှု ပိုပြီးကြီးမားသွားစေခဲ့ပါတယ်။ မေဂျာဆုဖလားတစ်ခုခုရယူဖို့ အချိန်ကာလ သိပ်မစောင့်ရတော့ဘူးဆိုတာ ကျွန်တော် သိပါတယ်။ Liv Golf ပြိုင်ပွဲကို သွားမယ့် အကြောင်းတော့ ကျွန်တော်မသိသေးပါဘူး'' ဟု ၎င်းင်းက ပြိုင်ပွဲအပြီးတွင် ပြောကြားသည်။

Most Read

Most Recent