ထွက်ခွာခွင့်တောင်းပြီးကတည်းက စီရော်နယ်လ်ဒိုနှင့် စကားမပြောဖြစ်ဟု တန်ဟက်ဂ် ပြောကြား

ထွက်ခွာခွင့်တောင်းပြီးကတည်းက စီရော်နယ်လ်ဒိုနှင့် စကားမပြောဖြစ်ဟု တန်ဟက်ဂ် ပြောကြား
Photo: Daily Mail
Photo: Daily Mail
Published 19 July 2022

မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်က အသင်းမှ ထွက်ခွာခွင့်ပြုရန် စီရော်နယ်လ်ဒို တောင်းဆိုခဲ့ပြီးကတည်းက ၎င်းနှင့် စကားမပြောဖြစ်ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ်အထိ မန်ယူအသင်းနှင့် စာချုပ်ချုပ်ဆိုထားသော်လည်း ပြီးခဲ့သည့်လက အသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုမှုကို မန်ယူအသင်းက ရောင်းထုတ်မည်မဟုတ်ဟု တုံ့ပြန်ခဲ့သလို၊ စာချုပ်ပါသဘောတူညီချက်အတိုင်း နောက်ထပ်တစ်နှစ် သက်တမ်းတိုးရန်ပင် ဆန္ဒရှိနေကြောင်း သိရသည်။

သို့သော် စီရော်နယ်လ်ဒိုသည် ရာသီကြိုကာလ အသင်းနှင့် ပြန်လည်ပူးပေါင်းရန် သတ်မှတ်ထားသည့်နေ့ ရက်၌ မိသားစုအကြောင်းပြချက်ဖြင့် ပြန်ရောက်လာခြင်းမရှိခဲ့ဘဲ အသင်း၏ ရာသီကြိုခြေစမ်းခရီးစဉ်များကိုလည်း လွဲချော်ခဲ့ရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ တန်ဟက်ဂ်က ''အသင်းမှ ထွက်ခွာခွင့်ပြုရန် စီရော်နယ်လ်ဒို တောင်းဆိုခဲ့ချိန်ကတည်းက ယခုအထိ စကားမပြောဖြစ်ကြောင်း၊ မည်သည့်အချိန်တွင် အသင်းသို့ ပြန်လာပြီး လေ့ကျင့်မှုပြုလုပ်မည်ဆိုခြင်းကိုလည်း မသိရှိကြောင်း'' ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် ''သူက လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ထိပ်တန်းပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်တာကြောင့် ကြံ့ခိုင်မှုအပြည့် ဖြစ်နေပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုကို အက်သလက်တီကိုအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းလည်း သတင်းထွက်နေသည်။

Most Read

Most Recent