အကယ်ဆု နှစ်ဆုရှင် စန္ဒရားတင်ဝင်းလှိုင်သည် ဇူလိုင် ၁၄ ရက်က ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
စန္ဒရားတင်ဝင်းလှိုင်သည် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံကြီး၌ အဆုတ်နှင့် ကျောက်ကပ်ဝေဒနာကို ဆေးကုသမှုခံယူနေစဉ် ဇူလိုင် ၁၄ ရက် နံနက် ၁ နာရီ မိနစ် ၂၀ တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ်ရှိပြီ ဟု သိရသည်။
“သူက အဆုတ်နဲ့ ကျောက်ကပ်ရောဂါတွေကြောင့် ဆေးရုံတက်နေရတာ နှစ်လ ကျော်ရှိပြီ။ ကြားထဲမှာ စရိတ်သက်သာအောင်ဆိုပြီး အိမ်ပြန်ကြပေမဲ့လည်း ကျောက်ကပ်က တစ်ပတ်ကို နှစ်ကြိမ်အထိ ဆေးရတဲ့အခါ ငါးလွှာတိုက်ခန်းကနေ အဆင်းအတက် မလွယ်တာနဲ့ လူနာဒဏ်မခံနိုင်တာအတွက် ဆေးရုံမှာပြန်နေကြရတာပါ။ သူက အစားသိပ်မဝင်တဲ့အတွက် နှာခေါင်းပိုက်နဲ့ အစာသွင်းပေးရတယ်။ ဒါပေမဲ့လည်း အောက်ဆီဂျင်ပိုက်ရော၊ နှာခေါင်းပိုက်ကနေ အစာသွင်းတာရောဆိုတော့ သူက နေရာခက်လို့နဲ့တူပါတယ်။ သတိရတိုင်း နှာခေါင်းပိုက်ကို ဆွဲဆွဲဖြုတ်တယ်။ အစာမဝင်တာနဲ့ လူကအားနည်း လာတာရယ်ကြောင့် ကျောက်ကပ်ဆေးဖို့ကို ဆရာဝန်တွေက လက်လျှော့လိုက်ကြတယ်။ ဇူလိုင် ၁၄ ရက် မနက်ပိုင်းကတော့ အဆုတ်နဲ့ ကျောက်ကပ်ရောဂါတွေနဲ့ပဲ ကွယ်လွန်သွားခဲ့တာပါ။ နာရေးကို ဇူလိုင် ၁၆ ရက် စနေနေ့မှာ ရေဝေးသုသာန်မှာ ပြုလုပ်မှာပါ” ဟု ဆေးကုသမှုများအတွက် ကူညီဆောင်ရွက်ပေးနေသည့် ဆရာအောင်သျှံဝိုင်း (ကျိုက်မရော) က ပြောကြားသည်။
စန္ဒားတင်ဝင်းလှိုင်သည် ၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ‘ကြယ်စင် မော်ကွန်း’ ဇာတ်ကားနှင့် ၂၀၁၇ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ‘ကွမ်းလုံရက် ၄၀’ စသည့် ဇာတ်ကားများဖြင့် အကောင်းဆုံး နောက်ခံတေးဂီတဆုများ ရရှိခဲ့သူဖြစ်သည်။
အကယ်ဒမီ စန္ဒရားတင်ဝင်းလှိုင် ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ စာရေးဆရာဟိန်းလတ်က “အသက်ဆယ်နှစ်ကျော် ဆယ့်နှစ်နှစ်လောက်ကထဲက စန္ဒယားတီးတာထူးချွန်လွန်းလို့ ဆုတွေအများကြီးရခဲ့သူ။ နောက်ဆို ဘာပြိုင်ပွဲမှမဝင်ပါနဲ့ မောင်တင်ဝင်းရယ်။ မင်းသာပြိုင်ရင် မင်းပဲရမှာလို့ ဒိုင်လူကြီးတွေက တားယူရသူ။ ရုပ်ချောလွန်းလို့ဆရာသာဓုက “တာဝန်” ဆိုတဲ့ဇာတ်ကားမှာ မင်းသားတင်ရိုက်။ ပညာမှာလည်း M.A ဘွဲ့ရခဲ့။ မင်းသားကြီး ဝင်းဦးနဲ့ တွဲဘက်အညီဆုံးစန္ဒယားပညာရှင်။ ရုပ်ရှင်နောက်ခံတေးအကယ်ဒမီ နှစ်ထပ်ကွမ်း။ သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲတိုင်း သူငယ်ချင်း မင်းလာဖြစ်အောင်လာဆိုပြီး ရှေ့ဆုံးတန်းမှာ ခုံနေရာပေးခဲ့။ ဂီတကို ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာသိသူ ပြန်ပြောတတ်သူ။ ကျွန်တော်နဲ့တွေ့ဖို့ စမ်းချောင်းအိမ်ကနေ မြို့ထဲက ကျွန်တော့်ရုံးကို ဘက်စ်ကားမစီးပဲ လမ်းလျှောက်လာတတ်သူ။ မနက်တိုင်း ညတိုင်းမပျက်မကွက် Facebook ကနေ နှုတ်ခွန်းဆက် ဟာသတွေပြော၊ မြန်မာစကားလုံး ဝေါဟာရ ကြွယ်ဝစွာ ဖွဲ့နွဲ့ရေးသားတတ်သူ။ အနုပညာမာန ကြီးလွန်းသူကြီး။ မှန်တဲ့အရာဆို လူရှေ့သူရှေ့ ဘာမှမရှောင် ပြောရဲသူ (ဥပမာ-အကယ်ဒမီည ကျေးဇူးတင်စကား)နှမျောတသ လွမ်းလို့ မကုန်ပါ အနုပညာ မဟာဝိဇ္ဇာ သူငယ်ချင်းကြီး” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ဝမ်းနည်း နှမြောတသကြောင်း ရေးသားထားသည်။
စန္ဒရား တင်ဝင်းလှိုင်သည် မြန်မာသံ ကိုယ်ပိုင်သံစဉ် သီချင်းများကိုလည်း ရေးသားခဲ့သူဖြစ်ပြီး “ချမ်းမြေ့ပါစေ” သီချင်းမှာ အောင်မြင်မှုအများဆုံးတေးသီချင်းဖြစ်သည်။















