ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းသို့ရောက်ရှိလာသည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာနှင့် အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာသည် နည်းစနစ်ပိုင်းအရ အရေးပါသည့်ကစားသမားများဖြစ်သည်ဟု ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက ချီးကျူးခဲ့သည်။
ဒီမာရီယာသည် ဂျူဗင်တပ်စ်အသင်းနှင့် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ပေါ့ဘာမှာမူ (၄)နှစ်စာချုပ်ဖြင့် အသင်းဟောင်းသို့ ပြန်လာခြင်းဖြစ်သည်။ ပေါ့ဘာသည် ဂျူဗင်တပ်စ်အသင်းတွင် တစ်နှစ်လစာအဖြစ် အခွန်ဆောင်အပြီး ယူရို(၈)သန်းနှင့် Add-ons ကြေး ယူရို(၂)သန်း ရရှိမည်ဖြစ်ပြီး ဒီမာရီယာမှာမူ တစ်နှစ်လစာ ယူရို(၅.၅)သန်း နှင့် Add-ons ကြေးပါလျှင် ယူရို(၇)သန်းအထိ ရောက် ရှိနိုင်ကြောင်း သိရသည်။
"ပေါ့ဘာနဲ့ ဒီမာရီယာဟာ နည်းစနစ်ပိုင်းအရ အရေးပါတဲ့ကစားသမားတွေပါ။ သူတို့ဟာ နည်းစနစ်ပိုင်းအဆင့်ကို မြှင့်တင်နိုင်ပြီး တခြားကစားသမားတွေကိုလည်း တာဝန်ယူစိတ် ပိုရှိလာစေမှာပါ။ သူတို့က အသင်းရဲ့အဆင့်ကို မြှင့်တင်ပေးမယ့်သူတွေလည်း ဖြစ်ပါတယ်။ သူတို့ရောက်လာလို့ ကျွန်တော် ပျော်ပါတယ်။ ပေါ့ဘာက ကြီးကျယ်လွန်းတဲ့ ဆုံးဖြတ်ချက်၊ ရာဇဝင်ကြွေး ဆပ်လိုတဲ့ ဆန္ဒတွေနဲ့ ရောက်လာတာပါ။ သူက နေအိမ်ကို ပြန်လာတာပဲဖြစ်တယ်။ ပြီးတော့ ကွဲပြားခြားနားတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်ပိုင်းရှိသူ တစ်ဦးပါ။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ဘာဆုဖလားမှ မရခဲ့ပါဘူး။ ဒီမာရီယာ၊ ပေါ့ဘာတို့ကို ခေါ်ယူနိုင်တာ၊ ခီယေဆာနဲ့ မက်ကန်နီးတို့ ဒဏ်ရာက ပြန်ကောင်းလာတာတွေဟာ ဂျူဗင်တပ်စ်အသင်းကို ပိုပြီးတောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်စေမှာပါ။ ဆုဖလားအောင်မြင်မှုရဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ ချန်ပီယံဖြစ်ဖို့ ကျွန်တော်တို့ အရာအားလုံး လုပ်ဆောင်မှာဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း ရလဒ်ကောင်းဖို့ အားထုတ်မှာပါ။ ဘောလုံးရာသီရဲ့ ပထမဆုံး(၃)လကတော့ အတိမ်းအစောင်းမခံပါဘူး" ဟု အယ်လီဂရီက ပြောကြားခဲ့သည်။
ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေသည့် နောက်ခံလူ ဒီလစ်၏နေရာကို အစားထိုးရန်အတွက်လည်း ပြင်ဆင်ထားပြီးဖြစ်ကြောင်း အယ်လီဂရီက ဖွင့်ဟခဲ့သည်။ "ခင်ဗျားတို့ သိထားသလိုပဲပေါ့။ မနေ့က ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဒီလစ်က ဂျူဗင်တပ်စ် ကစားသမားတစ်ယောက်ပါ။ သူ ကောင်းကောင်းလေ့ကျင့်နေပါတယ်။ ဈေးကွက်က သြဂုတ်လ(၃၁)ရက်အထိ ဖွင့်မှာပါ။ ကလပ်အသင်း လုပ်ဆောင်နေတာတွေနဲ့ပတ်သက် ပြီး ကျွန်တော် ကျေနပ်ပါတယ်။ သူ အသင်းကထွက်ခွာသွားရင်လည်း အကောင်းဆုံးနည်းလမ်းနဲ့ အစားထိုးဖို့ အသင့်ရှိနေပါတယ်" ဟု အယ်လီဂရီက ပြောကြားခဲ့သည်။
ဒီလစ်သည် ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းနှင့်လည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားကာ ပြောင်းရွှေ့ကြေးညှိနှိုင်းရန်သာ ကျန်ရှိတော့သည်။















