ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၂ ၌ ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန် များနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျ၍ ပြစ်ဒဏ်မှလွတ်မြောက်လာသည့် ပြည်နှင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စုစုပေါင်း ၁၈၃ ဦးကို ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ လွှဲပြောင်းလာကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သား အမျိုးသား ၃၆ ဦး အမျိုးသမီး ၅၁ ဦး စုစုပေါင်း ၈၇ ဦး နှင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျ၍ ပြစ်ဒဏ်မှလွတ်မြောက်လာသည့် ပြည်နှင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၇၆ ဦး အမျိုးသမီး ၂၀ ဦး စုစုပေါင်း ၉၆ ဦး တို့ကို ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာတာဝန်ရှိသူများထံ လွှဲပြောင်းခဲ့ရာ တာချီလိတ်ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ခရိုင်လဝက ဦးစီးမှူး ဦးသန့်ဇင်၊မြို့နယ် ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများကလက်ခံခဲ့ကြသည်။
အဆိုပါ ပြန်လည်လွှဲပြောင်းလာသူများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် ၁၉ ရောဂါနှင့်ဗီဇပြောင်း အိုမီခရွန်ရောဂါ ရှိ/မရှိ စစ်ဆေးမှုများပြုလုပ်ပြီး ဝမ်လုံး Quarantine Center ၌( ၅ )ရက်ထားရှိကာ ဆေးစစ်မှု တစ်ကြိမ်ထပ်မံပြုလုပ်ကာ ရောဂါပိုးကင်းရှင်းပါက ၎င်းတို့၏ နေရပ်သို့ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံ လူကုန်ကူးမှု တာဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ လူကုန်ကူမှု၏ အဆိုးအပြစ်နှင့်ဥပဒေများကို ပညာပေး ဟောပြောကာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။















