ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်သည့်စီမံကိန်းများအတွက် ရန်ကုန်နှင့် နေပြည်တော်တို့တွင် မြေကွက်များ လျှောက်ထားရယူမှုနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌဖြစ်သူ နေထိုင်ရန်အတွက် တစ်ထပ်အဆောက်အဦအား ဖောင်းဒေးရှင်းသို့ အများပြည်သူလှူဒါန်းငွေများမှ အသုံးပြုခဲ့သည်ဟုဆိုတာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့် ရာဇသတ်ကြီးအမှုအမှတ်(၄)၊ (၅)နှင့် (၂၅)တို့အတွက် ပြန်ခေါ်သက်သေအဖြစ် ဦးရဲထက်ကို စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
ဇွန် ၇ ရက်က နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇမ္ဗူသီရိအထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
ယင်းရုံးချိန်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်မည့် စီမံကိန်းတစ်ခုအတွက် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထားရယူသည့်ကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၄)၊ နေပြည်တော်ရှိ လရောင်တောတွင် ဒေါ်ခင်ကြည်ဖောင်ဒေရှင်း ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက် တစ်ထပ်အဆောက်အဦအား ဒေါ်ခင်ကြည်ဖောင်းဒေရှင်းသို့ အများပြည်သူ လှူဒါန်းငွေများမှ အသုံးပြုခဲ့ခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် အရေးယူရန် တင်ပြသည့်ထားသည့် ရာဇဝတ်ကြီး အမှုအမှတ်(၅)နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ်ဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သားလမ်း ခြံအမှတ်(၆၀)မှ မြေဧက ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အဦများကို လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ငှားရမ်းခဲ့သည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၂၅ တို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်ထားသည့်အမှုများအတွက် ပြန်ခေါ်သက်သေအဖြစ် တင်ပြထားသည့် အဂတိလိုက်မှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးရဲထက်အား စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
နေပြည်တော်တွင် လရောင်တောစိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက်ရန်အတွက် မြေကွက် ၁၀၁ ဒဿမ ၃၃ ဧကအား လျှောက်ထားရယူသည့်ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသော ရာဇဝတ်ကြီးအမှုအမှတ်(၃)အတွက် ယင်းရုံးချိန်းတွင် စစ်ဆေးခဲ့ခြင်းမရှိကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
မေ ၂၄ ရက် ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၃)၊(၄)၊(၅)နှင့် (၂၅)တို့နှင့်ပတ်သက်၍ စွဲချက်တင်ခဲ့ပြီးနောက် ပြန်ခေါ်သက်သေများအဖြစ် တရားလိုဖြစ်သူ အဂတိလိုက်မှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးရဲထက် အပါအဝင် ဦးစိုးနိုင်၊ ဦးနေမျိုးအောင်နှင့် ဦးမျိုးအောင်တို့ကို စွပ်စွဲခံရသူ၏ ရှေ့နေများက တင်ပြထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် စွဲချက်တင်ထားသည့် အထက်ပါအမှုလေးမှုနှင့်ပတ်သက်၍ ဇွန် ၁၄ ရက်တွင် ရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။















