Thai Fight မွေထိုင်းပြိုင်ပွဲတွင် ပြိုင်ဘက်ကို ထပ်မံအနိုင်ရခဲ့ပြီးနောက် လေးပွဲဆက်နိုင်ပွဲမှတ်တမ်းကို ကယန်းတိုင်းရင်းသူ ဘရော်နီကာ ပိုင်ဆိုင်ခဲ့

Thai Fight မွေထိုင်းပြိုင်ပွဲတွင် ပြိုင်ဘက်ကို ထပ်မံအနိုင်ရခဲ့ပြီးနောက် လေးပွဲဆက်နိုင်ပွဲမှတ်တမ်းကို ကယန်းတိုင်းရင်းသူ ဘရော်နီကာ ပိုင်ဆိုင်ခဲ့
Photo: Thai Fight
Photo: Thai Fight
Published 4 June 2022

 

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် လေကျင့်ရေးများပြုလုပ်ကာThai Fight မွေထိုင်း ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော ကယန်းတိုင်းရင်းသူ ဘရော်နီကာသည် ပြိုင်ဘက်ကို အနိုင်ရရှိခဲ့ပြီးနောက် လေးပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ကြောင်း သိရ သည်။

ကယန်းတိုင်းရင်းသူတစ်ဦးဖြစ်သူ ဘရော်နီကာသည် ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည်Thai Fight မွေထိုင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသူ အန်ဂျလာချမ်းနှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘရော်နီကာသည် ပြိုင်ဘက်ကို ပွဲချိန်ပြည့် ဖိအားပေးတိုက်ခိုက်နိုင်ခဲ့သလို သူမ၏ အကောင်းဆုံးပုံစံကိုလည်း ပြသနိုင်ခဲ့ပြီး ပွဲအပြီးတွင် အမှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနိုင်ပွဲနှင့်ပတ်သက်ပြီး ဘရော်နီကာ က " Thai Fight ရဲ့ လေးပွဲမြောက်ပွဲစဉ်မှာ ဆက်လက်အနိုင်ရရှိခဲ့ပါပြီရှင့်။ လာရောက် အားပေးကြတဲ့ ပရိသတ်တွေရော Online ပေါ်ကတစ်ဆင့် အားပေးကြတဲ့ ပရိသတ်အားလုံးကို ရင်ထဲကနေ ကျေးဇူးတင်ပါတယ်။ အရာအားလုံးကို အခြေအနေတစ်ခုမှာပဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ဖြတ်ကျော်နိုင်ခဲ့ပါပြီ" ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ဘရော်နီကာသည် ပြီးခဲ့သည့်နှစ်မှ စတင်ကာ ဖူးခက်အခြေစိုက် Tiger မွေထိုင်း Gym တွင် လေ့ကျင့်နေခဲ့သူဖြစ်ပြီး ထိုင်းနို်င်ငံ၏ အကျော်ကြားဆုံးပြိုင်ပွဲဖြစ်သော Thai Fight ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ ထို့နောက် ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်ခဲ့ပြီး လေးပွဲဆက်နိုင်ပွဲမှတ်တမ်းကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘရော်နီကာသည်Thai Fight ၅၃ ကီလို အမျိုးသမီး ဘင်တန်ဝိတ်တန်းတွင် ယှဉ်ပြိုင်လျက်ရှိသူ ဖြစ်ပြီး WMO World Muay Thai Organization ၏ သတင်းထုတ်ပြန်မှုအရ ထိပ်ဆုံး နေရာကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

ဘရော်နီကာသည်Thai Fight  ပြိုင်ပွဲ ၏ အမျိုးသမီး ၅၃ ကီလို ဘင်တန်ဝိတ်တန်းတွင် အဆင့်သတ်မှတ်မှု နံပါတ် (၁) နေရာ တွင်ရှိနေပြီးThai Fight  ပြိုင်ပွဲနှင့်လည်း အ ကျိုးခံစားခွင့်ပိုမိုများပြားသည့် စာချုပ်သစ် တစ်ရပ်ကို ပြီးခဲ့သည့် သုံးပွဲမြောက်နိုင်ပွဲအပြီး တွင် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘရော်နီကာသည် ပြည်ပတွင် သွားရောက်ယှဉ်ပြိုင်နေသည့် အမျိုးသမီးဖိုက်တာများအနက် လေးပွဲဆက်အနိုင်ရခဲ့သော ဖိုက်တာအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ဘရော်နီကာသည် မြန်မာနိုင်ငံအတွင်း ကျင်းပခဲ့သော မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲများ ယှဉ်ပြိုင်စဉ်ကလည်း မှတ်တမ်းကောင်းများပိုင်ဆိုင်ခဲ့သူဖြစ်သည်။ 

Most Read

Most Recent