မွန်အမျိုးသားကျောင်းများ ဇွန် ၁ ရက် စတင်ဖွင့်လှစ်မည်

မွန်အမျိုးသားကျောင်းများ ဇွန် ၁ ရက် စတင်ဖွင့်လှစ်မည်
Published 30 May 2022
ဘိုဘိုမြင့်

မွန်အမျိုးသားရေးပညာရေးကော်မတီလက်အောက်ရှိ မွန်အမျိုးသားကျောင်းများကို လာမည့် ဇွန် ၁ ရက်မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၅ ရက်မှစကာ မေလကုန်အထိ ကျောင်းအပ်လက်ခံပေးနေကြောင်းနှင့် လာမည့် ဇွန် ၁ ရက်မှ စတင်ကာ မွန်အမျိုးသားကျောင်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီဝင်တစ်ဦးဖြစ်သူ မင်းအောင်ဇေက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မွန်အမျိုးသားကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတော့ အခက်အခဲအနေနဲ့က ကျောင်းဆရာ ဆရာမ မတည်ငြိမ်မှုပေါ့လေ။ မတည်ငြိမ်ဘူးဆိုတာကလည်း လစာကို များများမပေးနိုင်တဲ့အခါကျတော့ အလုပ်နားသွားတာ။ အလုပ်ပြောင်းသွားတာတွေလည်း ရှိပါတယ်။ ဒါကလည်း နှစ်တိုင်းကြုံတွေ့နေကျ အခက်အခဲတွေပါပဲ။ ကျန်တာကတော့ အခက်အခဲကြီးကြီးမားမားတော့ သိပ်မရှိပါဘူး” ဟု ပြောကြားသည်။

မွန်အမျိုးသားပညာရေးကော်မတီလက်အောက်ရှိ မူလတန်းနှင့် မူလွန်ကျောင်း ၁၁၃ ကျောင်း၊ အလယ်တန်းကျောင်း ၁၈ ကျောင်းနှင့် အထက်တန်းကျောင်းသုံးကျောင်း၊ စုစုပေါင်း ၁၃၄ ကျောင်းဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရေးမြို့နယ် လမိုင်းမြို့တွင် ဖွင့်လှစ်ထားသည့် မွန်အမျိုးသားအလယ်တန်းကျောင်းအား တွဲဖက်အထက်ကျောင်းအနေဖြင့် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်းနှင့် အဆင်ပြေပါက အထက်တန်းကျောင်းအဆင့်ထိ တိုးမြှင့်နိုင်ရေး ကြိုးစားနေကြောင်း မင်းအောင်ဇေ၏ ပြောကြားချက်အရ သိရသည်။

“ဒီနှစ်မှာ ကျောင်းသားမိဘတွေ ကျောင်းလာအပ်ကြတာများတယ်လို့ ကြားသိရပါတယ်။ တချို့လည်း အစိုးရကျောင်းမှာ မထားချင်လို့ မွန်အမျိုးသားကျောင်းတွေကို ပြောင်းလာတာတွေလည်းရှိတဲ့အခါကျတော့ မွန်အမျိုးသားကျောင်းတွေမှာလည်း နေရာတွေက ကျဉ်းတော့ အခက်အခဲလေးတွေတော ့ရှိပါသေးတယ်။ ဒါကလည်း ကျွန်တော်တို့ မွန်အမျိုးသားကျောင်းတွေက ရပ်ရွာအခြေပြု တစ်နိုင်တစ်ပိုင်ပဲ လုပ်ထားကြတဲ့အခါကျတော့ ကျောင်းအရွယ်အစား၊ စာသင်ခန်းက အစပေါ့လေ။ အကျယ်ကြီးတော့မရှိဘူး။ တချို့ဘုန်းကြီးကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေဆိုရင်လည်း နေရာကကျဉ်းတော့ ကျောင်းသားများများလက်ခံဖို့က အခက်အခဲလေးတော့ရှိပါတယ်။ ကျောင်းဆောင်တွေကို တိုးချဲ့နိုင်ဖို့က စရိတ်စကမတတ်နိုင်သေးတော့ အများကြီးမလုပ်နိုင်သေးဘူး။ အဲ့ဒီအခက်အခဲလေးတွေတော့ ရှိနေသေးပါတယ်။ ကျောင်းသား ကျောင်းသူအရေအတွက်ကိုတော့ ဇွန်လဆန်းလောက်မှ သိရပါမယ်” ဟု မွန်အမျိုးသားပညာရေးကော်မတီဝင် မင်းအောင်ဇေက ဆက်လက်ပြောကြားသည်။

မွန်အမျိုးသားကျောင်း ၁၃၄ ကျောင်းရှိသည့်အနက် မွန်ပြည်နယ်အတွင်း၌ အများဆုံးတည်ရှိပြီး ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မွန်တိုင်းရင်းသားအများ အပြားနေထိုင်သည့် ဒေသများတွင်လည်း မွန်အမျိုးသားကျောင်းများ ဖွင့်လှစ်ထားကြောင်းနှင့် ယခင်စာရင်းများအရ မွန်အမျိုးသားကျောင်းများတွင် ဆရာ ဆရာမ ၇၀၀ ခန့်ရှိပြီး ကျောင်းသား ကျောင်းသူအရေအတွက် ၁၃၀၀၀ ခန့်ရှိကြောင်း သိရသည်။

Most Read

Most Recent