ရှမ်းပြည်နယ်မှသယ်ဆောင်ပြီး ရခိုင်နှင့် တနင်္သာရီသို့ပို့ဆောင်မည့် ကျပ် ငါးဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ရန်ကုန်မြို့တွင် ဖမ်းမိ

ရှမ်းပြည်နယ်မှသယ်ဆောင်ပြီး ရခိုင်နှင့် တနင်္သာရီသို့ပို့ဆောင်မည့် ကျပ် ငါးဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ရန်ကုန်မြို့တွင် ဖမ်းမိ
Published 26 May 2022

ရှမ်းပြည်နယ်မှသယ်ဆောင်ပြီး ရခိုင်နှင့် တနင်္သာရီသို့ပို့ဆောင်မည့် ကျပ် ငါးဘီလျံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ရန်ကုန်မြို့တွင် ဖမ်းမိခဲ့ကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

မေ ၁၇ ရက် ညနေ ၃ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ ဇောတိက (၃) လမ်းရှိ ဇော်မင်းစိုး၏နေအိမ်အား သတင်းရသဖြင့် ဝင်ရောက်ရှာဖွေရာ ကျော်ကျော်အောင်၊ ဝင်းထွန်း၊ လှစိန်မောင်၊ ချစ်ဦးမောင်၊ ဇင်မင်းကို၊ လွင်မင်းထိုက်နှင့် သက်ပိုင်ဦးတို့ ခုနစ်ဦးနှင့်အတူ စိတ်ကြွရူးသွပ် ဆေးပြား ၁၀ သိန်းနှင့် ကျပ်သိန်း ၁၅၀ တို့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၁၂ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲ (၃) ရပ်ကွက်၊ စံပယ်လမ်းရှိ ဇော်မင်းစိုးက ကျော်ကျော်အောင်အမည်ဖြင့် ငှားပေးထားသည့် နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ငါးဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကွင်းဆက်အနေဖြင့် စစ်ဆေးရာ မေ ၁၈ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့၊ မြိတ် တောင်နယ်မြေ၊ ဇေယျာသီရိ (၃) ရပ်ကွက်၊ ခူဒိုင်လမ်းနေ မမီးငယ်စိုး (ခ) သီတာစိုးကို ကျပ် ၈၅ သိန်းနှင့်လည်းကောင်း၊ ပြည့်စုံနှင့် ကျော်သူတို့အား HINO ခြောက်ဘီးမော်တော်ယာဉ် တစ်စီး၊ ကျပ်သိန်း ၄၀ တို့နှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့သယ်ဆောင်ပြီး ဖမ်းမိနေအိမ်များ၌ သိုလှောင်၍ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သို့ သယ်ဆောင်ရောင်းဝယ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သယ်ဆောင်ရောင်းဝယ်သူ ဇော်မင်းစိုးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကာ ဖမ်းဆီးထားသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent