■ ဟော်လန်းကို ခေါ်ယူနိုင်ပြီးနောက် လိဒ်စ်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို ဂွါဒီယိုလာ စိတ်ဝင်စားနေ

■ ဟော်လန်းကို ခေါ်ယူနိုင်ပြီးနောက် လိဒ်စ်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို ဂွါဒီယိုလာ စိတ်ဝင်စားနေ
Photos : Daily Mail, Twitter
Photos : Daily Mail, Twitter
Published 26 May 2022

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာသည် ဒေ့ါမွန်တိုက်စစ်မှူး ဟော်လန်းအား ခေါ်ယူနိုင်ပြီးနောက် အသင်းကွင်းလယ်အင်အားကို ဖြည့်တင်းရန်အတွက် လိဒ်စ်အသင်းမှ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်အား စိတ်ဝင်စားနေ ကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးသူ ဟော်လန်းသည် နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ မန်စီးတီးအသင်းသို့ သူ၏ပေါင် ၅၁ ဒသမ ၂ သန်းတန် အပြောင်းအရွှေ့ကို အပြီးသတ်ရန်အတွက် ပြီးခဲ့သည့်ရက်ပိုင်းက ဗြိတိန်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဟော်လန်း၏အပြောင်းအရွှေ့မှာ ရက်ပိုင်းအတွင်း အပြီးသတ်မည်ဖြစ်သော်လည်း ရာသီကြိုပြင်ဆင်မှုကာလ မရောက်မီအထိ အသင်းအနေဖြင့် မီဒီယာမိတ်ဆက်ပွဲ ပြုလုပ်သွားဦးမည်မဟုတ်ကြောင်း သိရသည်။

ဂွါဒီယိုလာသည် အဂွဲရိုး ထွက်ခွာသွားပြီး အစားမထိုးနိုင်သည့် No.9 Role ပြဿနာကို ဟော်လန်းနှင့် ဖြေရှင်းပြီးနောက် ယခုရာသီကုန်တွင် ဖာနန်ဒင်ဟို ထွက်ခွာသွားသည့် ကွင်းလယ်ပိုင်းကိုလည်း ပြင်ဆင်အားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်လာခြင်းဖြစ်သည်။

အသက် ၂၆ နှစ် အရွယ်ရှိ ကယ်လ်ဗင်ဖီးလစ်၏လက်ရှိစာချုပ်သက်တမ်းမှာ နှစ်နှစ်သာ ကျန်ရှိတော့သောကြောင့် လိဒ်စ်အနေဖြင့် ယခုနွေရာသီတွင် ရောင်းချသွားဖွယ်ရှိနေသည်။

ကယ်လ်ဗင်ဖီးလစ်အား မန်စီးတီးအပြင် မန်ယူ၊ အက်စတွန်ဗီလာ၊ အာဆင်နယ်၊ ဝက်စ်ဟမ်းအသင်းများမှလည်း စိတ်ဝင်စားလျက်ရှိသည်။

မန်စီးတီးအသင်းသည် ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်ကိုလည်း ခေါ်ယူလိုသည့်စာရင်းတွင် ထည့်သွင်းထားသည်။

Most Read

Most Recent