နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ် စားလှယ် ဖွဲ့သည် မေ ၂၃ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။
နစကဥက္ကဋ္ဌ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုအရ တွေ့ဆုံဆွေးနွေးမည်ဟု အကြောင်းပြန်ထားသည့်အဖွဲ့များအနက် ဒုတိမြောက်အဖွဲ့အဖြစ် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ လာရောက်ဆွေးနွေးခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားအားလုံး နိုင်ငံ့အရေးတွင် ပါဝင်နိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာ နှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်သည် အဓိက လိုအပ်သည့်အတွက် တစ်နိုင်ငံလုံး တိုင်းရင်း သားဒေသများပါမကျန် ပညာရည်မြှင့်တင်ရေးကို လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု စနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရသိရသည်။
ထို့နောက် မွန်ပြည်သစ်ပါတီ (NMSP) မှ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြည်သူ့ဆန္ဒ နှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက် ရေး၊ တစ်နိုင်ငံလုံးပညာရည်မြင့်မားရေးတို့ နှင့်ပတ်သက်၍ သဘောထားတူညီချက် အမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့အတူ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက် အမြင်များကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
အထက်ပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး မွန်ပြည်သစ်ပါတီမှ ဒုတိယဥက္ကဋ္ဌနှင့်အတူ တွဲဖက်အထွေထွေအတွင်း ရေးမှူး နိုင်ဝင်းလှနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်တို့တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မွန်ပြည်သစ်ပါတီ(NMSP) မှ ဒုတိယဥက္ကဋ္ဌဌ ဦးဆောင်သည့်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့်ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်မှုအပေါ် ပထမဆုံးလာရောက် ဆွေးနွေးခဲ့သည့်အဖွဲ့မှာ NCA ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဖြစ်ပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့သည် မေ ၂၀ ရက် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော အဖွဲ့တို့သည် မေ ၂၁ ရက်မှ ၂၂ ရက်ထိ ဆွေးနွေးခဲ့ပြီး စုစုပေါင်းသုံးရက်တာ ဆွေးနွေးမှုရလဒ်များကို နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့သည်။