တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ကားလမ်းများရေကျော်ခြင်း၊ သစ်ပင်လဲပြိုခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသည့် မိုးသည်းထန်စွာရွာပြီး လေပြင်းများတိုက်ခတ်နေခြင်းကြောင့် ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးရှိ နေရာများတွင် ကားလမ်းရေကျော်ခြင်း၊ သစ်ပင်များ လဲပြိုခြင်း၊ မြေပြိုခြင်းများ ရှိနေသည့်အတွက် တာဝန်ရှိသူများနှင့် ပရဟိတအသင်းများက လိုက်လံဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
“မေ ၂၂ ရက်မှာ ဘုတ်ပြင်း-ကော့သောင်း ကားလမ်းတစ်လျှောက်မှာ ရေတွေကြီးပြီး လမ်းတွေ ရေကျော်နေခဲ့တယ်။ တောင်တွေကနေ မြေပြိုကျတာတွေဖြစ်တာကြောင့် ကားလမ်းအသုံးမပြုနိုင်ခဲ့ဘူး။ မေ ၂၃ ရက်မှာ သစ်ပင်တချို့လဲပြိုနေတာရှိပေမဲ့ ကားလမ်းရေကျသွားတာကြောင့် ပြန်လည်သွားလာလို့ရနေပါပြီ။ သစ်ပင်လဲကျလို့ လူတစ်ဦး ဒဏ်ရာရခဲ့တယ်။ တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ပူးပေါင်းပြီး လမ်းတစ်လျှောက် လိုက်လံကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အခုကားလမ်းတွေ ပြန်လည်သွားလာလို့ရနေပါပြီ” ဟု ဘုတ်ပြင်းမြို့နယ်မှ ပရဟိတဆောင်ရွက်ပေးနေသူ ဦးထူးဝေယံက ပြောကြားသည်။
ပင်လယ်ပြင်တွင် လေပြင်းများတိုက်ခတ်နေသည့်အတွက် လှိုင်းလေပြင်းထန်ခြင်းများရှိနေသလို ကျွန်းပေါ်တွင်လည်း သစ်ပင်များလဲပြိုခြင်းကြောင့် လူနေအိမ်တချို့ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးရှိ လမ်းအစိတ်အပိုင်းတချို့တွင်လည်း ကားလမ်းရေကျော်ခြင်း၊ သစ်ပင်များလဲပြိုခြင်းကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါပြန်လည်အသုံးပြု၍ရပြီဖြစ်ကြောင်း သိရသည်။















