စီးရီးအေရာသီပိတ်ပွဲစဉ်အထိ ချန်ပီယံအဆုံးအဖြတ်ခံယူရခြင်းမှာ ဆယ်စုနှစ်(၂)ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်

စီးရီးအေရာသီပိတ်ပွဲစဉ်အထိ ချန်ပီယံအဆုံးအဖြတ်ခံယူရခြင်းမှာ ဆယ်စုနှစ်(၂)ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်
Photo: Football-Italia
Photo: Football-Italia
Published 19 May 2022

စီးရီးအေရာသီပိတ်ပွဲစဉ်အထိ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ခံယူရခြင်းမှာ ဆယ်စုနှစ်နှစ်ခုအတွင်း ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

စီးရီးအေရာသီပိတ်နောက်ဆုံးပွဲစဉ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဦးဆောင်နေသည့် အေစီမီလန်အသင်းက ဆာဆူအိုလိုအသင်းနှင့် အဝေးကွင်း၊ ဒုတိယနေရာမှအင်တာမီလန်အသင်းက ဆမ်ဒိုးရီးယားအသင်းနှင့် အိမ်ကွင်းပွဲစဉ်များ  ကစားရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် အေစီမီလန်အသင်းသည် အင်တာမီလန်အသင်းထက် ရမှတ် (၂)မှတ်အသာရထားသလို၊ ထိပ်တိုက်တွေ့ဆုံမှုရလဒ်အရလည်း အသာရထားသဖြင့် ဆာဆူအိုလိုအသင်းနှင့်ပွဲတွင်  ရမှတ် (၁)မှတ်ရရှိရုံဖြင့် ချန်ပီယံဆု ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရာသီပိတ်ပွဲစဉ်အထိ ချန်ပီယံဆုအတွက် အပြိုင်အဆိုင်လုခဲ့ရသည်မှာ ၂၀၀၁-၀၂ ရာသီက နောက်ဆုံးဖြစ်ခဲ့ပြီး အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ ရိုးမားစသည့် (၃)သင်းအထိ အပြိုင်ဖြစ်ခဲ့သည်။

ရာသီပိတ်ပွဲစဉ်(၃၄)မတိုင်မီ အင်တာမီလန်အသင်းက (၆၉)မှတ်၊ ဂျူဗင်တပ်စ်အသင်းက (၆၈)မှတ်၊ ရိုးမားအသင်းက (၆၇)မှတ်စီ ရရှိထားပြီး အင်တာမီလန်အနေဖြင့် အနိုင်ကစားရုံနှင့် ဗိုလ်စွဲနိုင်မည် ဖြစ်သည်။

သို့သော် အင်တာမီလန်အသင်းသည် နောက်ဆုံးပွဲစဉ်တွင် လာဇီယိုအသင်းကို (၂-၄)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး ဂျူဗင်တပ်စ်၊ ရိုးမားတို့က အနိုင်ရခဲ့သောကြောင့် ဂျူဗင်တပ်စ်အသင်း ချန်ပီယံဖြစ်ကာ အင်တာမီလန်မှာမူ အမှတ်ပေးဇယားတတိယနေရာအထိ ဆင်းသွားခဲ့ရကြောင်း သိရသည်။

အေစီမီလန်နှင့် အင်တာမီလန်အသင်းတို့သည် စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် ဂျူဗင်တပ်စ်အသင်းပြီးနောက် အအောင်မြင်ဆုံးအသင်းများအဖြစ် ရပ်တည်နေပြီး အင်တာမီလန်အသင်းက ချန်ပီယံဆု (၁၉) ကြိမ်နှင့် အေစီမီလန်အသင်းက ချန်ပီယံဆု (၁၈)ကြိမ် ဆွတ်ခူးထားသည်။

လက်ရှိရာသီတွင် စီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်ပါက အင်တာမီလန်အသင်းသည် (၂)ရာသီဆက် ချန်ပီယံဆု ပိုင်ဆိုင်ခွင့်ရမည်ဖြစ်ပြီး အေစီမီလန်အသင်းကမူ ၂၀၁၀-၁၁ ရာသီနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆု ပြန်လည်ဆွတ်ခူးနိုင်ခြင်းဖြစ်သည်။

Most Read

Most Recent