ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာမြို့နယ်မှ ဖိနပ်စက်ရုံအပါအဝင် ဧပြီ ၂၈ ရက် တစ်ရက်တည်း သုံးနေရာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၊လိူင်သာယာမြို့နယ်နှင့် ရွှေပေါက္ကံမြို့နယ်တို့မှ နေရာအချို့တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
ဧပြီ ၂၈ ရက် နံက် ၅ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ မာန်မြေမှတ်တိုင်အနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုနှင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီးက သွားရောက်ငြိမ်းသတ်ရာ နံနက် ၅ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ထို့နည်းတူ ဧပြီ ၂၈ ရက် ၊ နံနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်၂၊ ဦးထွန်းညိုလမ်းနှင့်ဦးချိန်လမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားသဖြင့် Level(1) ယာဉ်အုပ်စုများ ကနဦး ထွက်ခွာငြိမ်းသတ်ခဲ့ပြီး နံနက် ၁၀ နာရီ ၂၂ မိနစ်တွင် Level(2) ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ရာနံနက်၁၀ နာရီ ၃၆ မိနစ်တွင် မီးထိန်းနိုင်၍ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသတ်နိုင် ခဲ့ကြောင်း သိရသည်။
အဆိုပါ လှိုင်သာယာစက်မှုဇုန် ၂ မှ စက်ရုံမီးလောင်မှုနှင့်ပတ်သက်၍ သွားရောက်မီးငြှိမ်းသတ်ခဲ့သည့် အမှတ် ၄ ရပ်ကွက် ရွှေပြည်သာအရန်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက “လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ က ဖိနပ်စက်ရုံပါ” ပါဟု ပြောကြားသည်။
လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဖိနပ်စက်ရုံ မီးလောင်မှုသို့ အမှတ် ၄ ရပ်ကွက် ရွှေပြည်သာအရန်မီးသတ်စခန်း ၊ စမ်းချောင်းမြို့နယ် အရံမီးသတ်တပ်ဖွဲ့ ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းစသည့် အသင်းအဖွဲ့များကလည်း သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီ ၂၈ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက္ကံမြို့နယ်၊ ရွှေပေါက္ကံစက်မှုဇုန်၊ ပုဂံလမ်း၊ မော်ကျွန်းတံတားအနီးတွင် မီးလောင်မှုဖြစ်ပွားသဖြင့် ရွှေပေါက္ကံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များက သွားရောက်ငြိှမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၂ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။















