ကမ္ဘောဒီးယားလိဂ် -၂ ကလပ် ခိုကောင်အသင်းတွင် သွားရောက်ကစားနေသည့် မြန်မာ့လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သူ သီဟဇော်သည် ယခုတစ်ပတ်ကျင်းပခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ယင်းဂိုးမှာ ကမ္ဘောဒီးယားလိဂ် -၂ ၌ သူ၏ ပထမဆုံးဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရသည်။
ယခုရာသီ ကမ္ဘောဒီးယားလိဂ် -၂ ပြိုင်ပွဲ ပွဲစဉ်(၆) ကို ပြီးခဲ့သည့် ဧပြီ ၁၀ ရက်က ကျင်းပခဲ့ရာ ခိုကောင်အသင်းသည် ဆော်တီလိုအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး သီဟဇော်မှာ ပွဲချိန် (၇၇) မိနစ်တွင် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
သီဟဇော်သွားရောက်ကစားနေသည့် ခိုကောင်အသင်းသည် ကမ္ဘောဒီးယားလိဂ် -၂ ပြိုင်ပွဲ ပွဲစဉ်(၆) အပြီးတွင် (၄) ပွဲနိုင်၊ (၂) ပွဲသရေ၊ ရှုံးပွဲမရှိ၊ ရမှတ်(၁၄) မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၃) နေရာတွင် ရပ်တည်နေလျက်ရှိသည်။
MNL ကလပ် ဧရာဝတီယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ကစားသမားဟောင်းဖြစ်သူ သီဟဇော်သည် ပြီးခဲ့သည့်မတ်လနောက်ဆုံးပတ်အတွင်းက ကမ္ဘောဒီးယားလိဂ်-၂ ကလပ် ခိုကောင်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။
သီဟဇော်သည် ခိုကောင်အသင်းတွင် နံပါတ် ၇၇ ဝတ်ဆင်ကစားနေပြီး အသင်းနှင့် လျင်မြန်စွာအထိုင်ကျကာ ပုံမှန်ပွဲထွက်ကစားခွင့် ရရှိနေကြောင်း သိရသည်။
သီဟဇော်သည် ခိုကောင်အသင်းသို ့ရောက်ရှိပြီးရက်ပိုင်းအကြာ ကမ္ဘောဒီးယားလိဂ်-၂ ပြိုင်ပွဲ ပွဲစဉ် ၄ အဖြစ် အမျိုးသားရဲတပ်ဖွဲ့အသင်းအား (၄-၁) ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပထမဆုံးစတင်ကစားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
သီဟဇော်သည် ၂၀၁၂ ခုနှစ်မှစ၍ ဧရာဝတီယူနိုက်တက်အသင်းတွင် ကာလရှည်ကစားခဲ့သူဖြစ်ပြီး ၂၀၂၀ ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သောကြောင့် လမ်းခွဲခဲ့သည်။
ထို့နောက် သီဟဇော်သည် ၂၀၂၁ ဇန်နဝါရီ တွင် ရှမ်းယူနိုက်တက်အသင်းသို့ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။
သီဟဇော်သည် ရှမ်းယူနိုက်တက်အသင်းနှင့် နှစ်နှစ်စာချုပ် ချုပ်ဆိုထားသော်လည်း တစ်ပွဲမှ ကစားခွင့်မရခဲ့ဘဲ ကမ္ဘောဒီးယားကလပ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်သည် ယခုရာသီ ကမ္ဘောဒီးယားလိဂ်-၂ ကို ၁၂ သင်းဖြင့် ကျင်းပနေသည်။















