မန်ယူအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံသွင်းဂိုး(၂၀)ပြည့်ခဲ့သည့် စီရော်နယ်လ်ဒို စာချုပ်အရ နောက်ထပ်တစ်ဂိုးသွင်းတိုင်း ဆုကြေးပေါင်(၁၀၀၀၀၀)ရရှိမည်

မန်ယူအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံသွင်းဂိုး(၂၀)ပြည့်ခဲ့သည့် စီရော်နယ်လ်ဒို စာချုပ်အရ နောက်ထပ်တစ်ဂိုးသွင်းတိုင်း ဆုကြေးပေါင်(၁၀၀၀၀၀)ရရှိမည်
Photo : Getty Images
Photo : Getty Images
Published 18 April 2022

မန်ယူအသင်း၏ တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ယခုရာသီတွင် ပြိုင်ပွဲစုံသွင်းဂိုး (၂၀)ပြည့်သွားခဲ့သည့်အတွက် စာချုပ်ပါ သဘောတူညီချက်အရ နောက်ထပ်တစ်ဂိုးသွင်းတိုင်း ဆုကြေးပေါင်(၁၀၀၀၀၀)ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် နောဝစ်ချ်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့်အတွက် ယခုရာသီ သွင်းဂိုးစုစုပေါင်း (၂၁)ဂိုးရှိလာခဲ့ပြီး တစ်ရာသီအတွင်း ဂိုး(၂၀)သွင်း နိုင်ခဲ့ခြင်းကြောင့် ဆုကြေးပေါင် (၇၅၀၀၀၀) ရရှိခဲ့သလို၊ ဂိုး(၂၀)ပြည့်ပြီးနောက်ပိုင်း ထပ်မံသွင်းယူသောဂိုးများအတွက် တစ်ဂိုးလျှင် ပေါင်(၁၀၀၀၀၀)ရရှိမည့်သဘောတူညီချက်အရ ဆုကြေးပေါင်(၁၀၀၀၀၀)လည်း ထပ်မံရရှိခဲ့သည်။

ထို့ကြောင့် နောဝစ်ချ်နှင့်ပွဲမှ စီရော်နယ်လ်ဒို၏ ဟက်ထရစ်ဂိုးမှာ ပေါင်(၈၅၀၀၀၀)တန်ကြေးရှိသည်ဟုလည်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

စီရော်နယ်လ်ဒိုအနေဖြင့် ယခုရာသီ မန်ယူအသင်း၏ လက်ကျန်ပွဲများတွင် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်တိုင်း ပေါင်(၁၀၀၀၀၀) ထပ်မံရရှိသွားမည်ဖြစ်သည့်အပြင် အသင်း၏ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ပါကလည်း ဆုကြေးပေါင်(၁)သန်း ထပ်မံရရှိမည်ဖြစ်သည်။

စီရော်နယ်လ်ဒိုသည် လက်ရှိအချိန်၌ အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်လျက်ရှိပြီး ဒုတိယနေရာမှ ဘရူနိုဖာနန်ဒက်စ်ကို (၁၂)ဂိုးအသာရထားသည့်အတွက် အဆိုပါဆုကြေးကို ခံစားခွင့်ရရန် သေချာသလောက်ဖြစ်နေသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၆)ပွဲသာ ယှဉ်ပြိုင်ကစားရန် ကျန်ရှိတော့သော်လည်း စီရော်နယ်လ်ဒိုအနေဖြင့် ဂိုး(၃၀)ပြည့်အောင် သွင်းယူနိုင်ခဲ့ပါက ဆုကြေးပေါင် (၂.၇၅)သန်းဝန်းကျင် ထပ်မံရရှိဦးမည်ဖြစ်ကြောင်းလည်း သိရသည်။

နောဝစ်ချ်နှင့်ပွဲမှ အဆိုပါဟက်ထရစ်ဂိုးမှာ စီရော်နယ်လ်ဒိုအတွက် ကစားသမားဘ၀ အကြိမ်(၆၀)မြောက် ဟက်ထရစ်ဖြစ်ပြီး မန်ယူကစားသမားဘ၀ တတိယမြောက် ဟက်ထရစ်ဖြစ်ကြောင်းလည်း သိရသည်။

စီရော်နယ်လ်ဒိုသည် ယင်းဟက်ထရစ်အကြိမ်(၆၀)အနက် အကြိမ်(၃၀)ကို အသက် (၃၀)မပြည့်မီ သွင်းယူခဲ့ပြီး အကြိမ်(၃၀)ကို အသက်(၃၀)ပြည့်ပြီးမှ သွင်းယူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ စီရော်နယ်လ်ဒိုသည် (၁၆)ရာသီဆက်တိုက် ပြိုင်ပွဲစုံဂိုး (၂၀)နှင့်အထက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး  ၎င်း၏အသက်အရွယ်နှင့် နှိုင်းယှဉ်ကာ ချီးကျူးမှုများစွာ ရှိနေသည်။

Most Read

Most Recent