ညာဘက်လက်မောင်းရိုးကျိုးဒဏ်ရာကြောင့် သုံးပတ် နားရမည့် မက်ဆီ El Clásico ပွဲကို လွဲချော်မည်

ညာဘက်လက်မောင်းရိုးကျိုးဒဏ်ရာကြောင့် သုံးပတ် နားရမည့် မက်ဆီ El Clásico ပွဲကို လွဲချော်မည်
Published 21 October 2018

 

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ဗလင်စီယာအသင်းအား (၄-၂)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ညာဘက်လက်မောင်းရိုးကျိုးဒဏ်ရာရရှိခဲ့သည့်အတွက် သုံးပတ်ခန့်  အနားယူရမည်ဖြစ်ပြီး ရီးယဲလ်အသင်းနှင့် ကစားရမည့် El Clásico ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။

အသက် (၃၁)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည်  ဘာစီလိုနာ (၄-၂) ဗလင်စီယာပွဲတွင် ပွဲချိန် (၁၅)မိနစ်၌ ဆီဗီလာကွင်းလယ်လူ ဗက်ဇ်ကေး နှင့် ခေါင်းယှဉ်တိုက်ရင်း ပြန်ပြုတ်အကျတွင် ယင်းဒဏ်ရာ ကို ရရှိခဲ့ခြင်းဖြစ်သည်။ မက်ဆီ၏ ညာဘက်လက်မောင်းရိုးမှာ ကျိုးသွားခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ဆေးကုသမှုပြုလုပ်ခဲ့ရသလို ဆက်လက်ကစားနိုင်ခြင်းမရှိသည့်အတွက် ပွဲချိန် (၂၆) မိနစ်တွင် ဒမ်ဘီလီနှင့် လူစားလဲခဲ့ရ သည်။

မက်ဆီသည် ယင်းကဲ့သို့ ဒဏ်ရာမရရှိမီ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပွဲချိန်(၂)မိနစ်တွင် ကော်တင်ဟို သွင်းယူသည့်ဂိုးကို ဖန်တီးပေးခဲ့သလို၊ ပွဲချိန် (၁၂)မိနစ်တွင်လည်း ကိုယ်တိုင် (၁)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

မက်ဆီသည် ယင်းဒဏ်ရာကြောင့် (၃)ပတ်ခန့်အနားယူရမည်ဟု ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့ပြီး အသင်း၏ ပွဲစဉ် (၆)ပွဲကိုလွဲချော်မည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မက်ဆီသည် အောက်တိုဘာလ (၂၈)ရက်နေ့တွင် လာလီဂါ ပွဲစဉ်(၁၀)အဖြစ် အိမ်ကွင်း၌ ကစားမည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် El Clásico ပွဲကို လွဲချော်မည်ဖြစ်သည်။ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက ယခုကဲ့သို့ မက်ဆီ ဒဏ်ရာရရှိခဲ့ခြင်းမှာ ၎င်းတို့အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဗယ်လ်ဗာဒီက " မက်ဆီအခုလိုဒဏ်ရာရခဲ့တာက ကျွန်တော်တို့အတွက် ထိုးနှက်ချက်ဆိုတာ သေချာပါတယ်။ အသင်းအတွက် ဘယ်လောက်ထိ သူစွမ်းဆောင်ပေးနေတယ်။ သူက ဘယ်လိုအနေအထား ရှိတယ် ဆိုတာကို လူတိုင်းသိပြီးသားပါ။ အခုတော့ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ရပါတော့မယ်။ မက်ဆီ ဒဏ်ရာကြောင့် မကစားနိုင်တာက ဘာစီလိုနာအသင်းအတွက် ဆုံးရှုံးတယ်ဆိုတာ မှန်ပေမယ့် ကျွန်တော်တို့မှာ သူ့ရဲ့ကွက်လပ်ကို ဖြည့် နိုင်တဲ့ ကစားသမားတွေ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

မက်ဆီသည် အင်တာမီလန်နှင့် ချန်ပီယံလိဂ်ပွဲစဉ်(၂)ပွဲ၊ ရီးယဲလ်မက်ဒရစ်၊ ဗယ်လက်ကာနို၊ ဘက်တစ်တို့နှင့် လာလီဂါ ပွဲစဉ် (၃)ပွဲနှင့် လီယွန်နီဆာနှင့် စပိန်ဘုရင့်ဖလားပွဲစဉ် (၁)ပဲဲွကို လွဲချော်မည်ဖြစ်ပြီး နိုဝင်ဘာလ (၂၄)ရက်တွင် ကစားမည့် အက်သလက်တီကိုမက်ဒရစ်နှင့် ကစားမည့် လာလီဂါ ပွဲစဉ်တွင် ပြန်လည်ပါဝင်ကစားဖွယ်ရှိသည်။

Most Read

Most Recent