ဂျာမနီတွင် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို စတင်ရုပ်သိမ်းတော့မည်

ဂျာမနီတွင် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို စတင်ရုပ်သိမ်းတော့မည်
ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်ကို မြင်တွေ့ရစဉ် (Photo - AFP)
ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်ကို မြင်တွေ့ရစဉ် (Photo - AFP)
Published 17 February 2022
Ref: AFP

ဂျာမနီတွင် ရောဂါကူးစက်မှုနှုန်း ကျဆင်းလာခြင်းသည် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ် ကြောင့် ဖြစ်ပေါ်သော ကူးစက်မှုလှိုင်း အထွတ်အထိပ်ကာလ ကျော်လွန်လာမှုကို ညွှန်ပြနေစဉ် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး ဆိုင်ရာ ကန့်သတ်ချက် အများစုကို စတင်ရုပ်သိမ်းတော့မည်ဟု ဒေသန္တရ အစိုးရ ခေါင်း ဆောင်များနှင့် ဆွေးနွေးပြီးနောက်တွင် ဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသူ များကို စျေးဆိုင်များနှင့် စားသောက်ဆိုင်များ သို့ ပြန်လည်သွားရောက်ခွင့်ပြုခြင်း အပါအဝင် အဆင့်သုံးဆင့် ပါဝင်သော အစီအစဉ်ကို ချမှတ်သွားမည်ဖြစ်ကာ မတ်လ ၂၀ ရက်တွင် အချုပ်အခြယ်ကင်းသောနေ့ကို မြင်တွေ့ရ လိမ့်မည်ဟု မီဒီယာများက တင်စားခဲသည်။

“နှစ်နှစ်အကြာမှာ ကျွန်တော်တို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ အရာတွေအတွက် ထိုက်တန်မှု ရှိလာပါပြီ။ အခု အဲဒီလိုမျိုး ဖြစ်လာပါ တော့မယ်” ဟု ဝန်ကြီးချုပ်ရှောဇ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

သို့ရာတွင် ဂျာမန်ပြည်သူများအနေဖြင့် သတိရှိရှိဖြင့် ဆက်လက်နေထိုင် သွားရမည် ဟု ၎င်းက သတိပေးခဲ့ပြီး နှာခေါင်းစည်း တပ်ဆင်ခြင်းကိုလည်း ဆက်လက်လုပ်ဆောင်ရမည် ဖြစ်ကြောင်းနှင့် ကပ်ရောဂါသည် ပြီးဆုံး ခြင်း မရှိသေးကြောင်းလည်း ၎င်းက ပြော ကြားခဲ့သည်။

ကပ်ရောဂါ စတင်ပေါ်ပေါက်ခဲ့ပြီး နောက် ပြည်သူများ၏ နေ့စဉ် လူနေမှုဘဝနှင့် ပုံမှန်လုပ်ငန်းဆောင်တာများ အကြီးအကျယ် ထိခိုက်ခဲ့ရပြီးနောက် နှစ်နှစ်အကြာတွင် ပုံမှန် အခြေသို့ ပြန်သွားရန် ကြိုးပမ်းလာခဲ့သည့် ဥရောပနိုင်ငံ တစ်နိုင်ငံဖြစ်သည်။

ပထမအဆင့်အနေဖြင့် ဂျာမနီတွင် ကာ ကွယ်ဆေး ထိုးနှံထားသူများ သို့တည်းမဟုတ် COVID-19ရောဂါမှ ပြန်သက်သာလာသူများ အနေဖြင့် လူ ၁၀ ဦးထက်ပို၍ စုဝေးခြင်းမပြု ရန် ကန့်သတ်ထားမှုကို အမြန်ဆုံး ရုပ်သိမ်း ပေးမည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၄ ရက်မှစ၍ကာကွယ်ဆေး ထိုး နှံမထားသူများအနေဖြင့် ရောဂါပိုးကင်းစင် ကြောင်း လတ်တလော ဆေးစစ်မှုရလဒ်ကို ပြသနိုင်ပါက စားသောက်ဆိုင်များနှင့် ဟို တယ်များသို့ ပြန်လည်သွားရောက် နိုင်တော့ မည်ဖြစ်သည်။ ဂျာမနီတွင် ၎င်းစနစ်ကို3G စနစ်ဟု လူသိများသည်။

နိုက်ကလပ်များကိုလည်း ပြန်ဖွင့်နိုင် တော့မည် ဖြစ်သော်လည်း ကာကွယ်ဆေး ထိုးနှံမထားသူများကိုမူ ဝင်ခွင့်ပြုဦးမည် မဟုတ်ပေ။ အားကစားပြိုင်ပွဲများ အပါအဝင် အခမ်းအနားများသို့ တက်ရောက်ခွင့်ပြုသည့် အရေအတွက်ကိုလည်း တိုးမြှင့်သွားမည်ဖြစ် သည်။

နောက်ဆုံးအဆင့်အနေဖြင့် မတ်လ ၂၀ ရက် နောက်ဆုံးထား၍ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုဘဝတို့အပေါ် ချမှတ်ထား သည့် ကျန်ရှိသော ကန့်သတ်ချက်များကို ရုပ်သိမ်းသွားမည်ဟု သိရသည်။

ဂျာမနီတွင် လွန်ခဲ့သည့် ၂၄ နာရီအ တွင်း ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၂၂၀,၀၀၀ နီးပါး ရှိခဲ့ကာ ထပ်မံသေဆုံးသူ ၂၄၇ ဦး ရှိခဲ့ကြောင်း Robert Koch အင်စတီကျုက ထုတ်ပြန်ခဲ့သည်။ နေ့အလိုက် ကူးစက် သူဦးရေ မြင့်တက်နေဆဲဖြစ်သော်လည်း သီတင်းပတ်အလိုက် ကူးစက်သူဦးရေသည် ကျဆင်းလာခဲ့ပြီး လတ်တလော ကူးစက်မှု လှိုင်းသည် အထွတ်အထိပ်ကာလသို့ ရောက် ရှိခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

Ref : AFP

 

Most Read

Most Recent