ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော်တစ်ဦးဖြစ်ပြီး သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဖြစ်သည့် မန်နီပက်ကွီယောင်းက သူသည် သမ္မတအဖြစ် ရွေးကောက်ခံရပါက လက်ရှိသမ္မတ ရိုဒရီဂိုဒူတာတေး၏ သွေးစွန်းသည့် မူးယစ်းဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲကို နိုင်ငံတကာ၏ စုံစမ်းစစ်ဆေးမှုကို ကြိုဆိုသွားမည်ဖြစ်ပြီး သူ့လက်ထက်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို လမ်းပေါ်တွင် ပစ်ခတ်မှုများမရှိစေဘဲ မှန်ကန်သည့်နည်းလမ်းဖြင့် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
မတူညီသည့် ၀ိတ်တန်းများတွင် လက်ဝှေ့ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး တစ်ချိန်က ဒူတာတေး၏ မဟာမိတ်ဖြစ်ခဲ့ဖူးသည့် ပက်ကွီယောင်းက ယခုသီတင်းပတ်အတွင်း ပြည်ပဂျာနယ်လစ်များနှင့် တွေ့ဆုံရာတွင် သူ့အနေဖြင့် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC)နှင့် ပြန်လည်ပူးပေါင်းသွားမည်ဟု ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်က ဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံကို ICC မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့သည်။
ပက်ကွီယောင်းသည် ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်းတစ်ဦးဖြစ်သဖြင့် ဖိလစ်ပိုင်တွင် လူသိများထင်ရှားသူဖြစ်နေသည့်တိုင် မေလတွင်ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ အကြိုပြုလုပ်သည့် လူထုသဘောထားစစ်တမ်းကောက်ယူမှုအရ ရွေးကောက်ပွဲတွင် အနိုင်ရရန် ရေပန်းအစားဆုံးဖြစ်နေသည့် ဖာဒီနန်မားကို့စ် ဂျူနီယာထက် အမှတ် ၅၀ ကျော် လျော့နည်းနေသည်။
ဒူတာတေး၏ သမ္မတသက်တမ်းသည် ၎င်း၏မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲကြောင့် အငြင်းပွားမှုများဖြင့် ရင်ဆိုင်ခဲ့ရပြီး ယင်းစစ်ပွဲတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူဟု စွပ်စွဲခံခဲ့ရသူ ထောင်ချီသေဆုံးခဲ့သည်။
ယင်းမူးယစ်စစ်ပွဲတွင် တရားဥပဒေစိုးမိုးရေးအရာရှိများသည် မူးယစ်သံသယရှိသူများကို စစ်ဆေးမေးမြန်းခြင်းမပြုဘဲ ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် ဝေဖန်ရေးသမားများက ပြောကြားခဲ့သော်လည်း ရဲတပ်ဖွဲ့ကမူ ပစ်ခတ်သတ်ဖြတ်ခံရသူများသည် ဖမ်းဆီးမှုကို အကြမ်းဖက်ခုခံခဲ့ကြပြီး လက်နက်ကိုင်ဆောင်ထားသူများဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
အသက် ၄၃ နှစ်အရွယ် ပက်ကွီယောင်းကမူ ၎င်းသည် ဒူတာတေးနှင့် တူညီမှုမရှိကြောင်း ပြသရန် ကြိုးပမ်းသည့်အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲကို မှန်ကန်သည့်နည်းလမ်းဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး သံသယရှိသူများကို မျှတမှုရှိသည့် တရားရုံးတင်စစ်ဆေးမှုများ ပြုလုပ်သွားမည်ပြီး ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
“မှန်ကန်တဲ့နည်းလမ်းကို သုံးမယ်ဆိုတာက သံသယရှိသူတွေကို လမ်းတွေပေါ်မှာ ပစ်သတ်မှာမဟုတ်ဘူးဆိုတာကို ပြောတာဖြစ်ပါတယ်” ဟု ပက်ကွီယောင်းက ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဒူတာတေးသည် ၎င်း၏မူးယစ်စစ်ပွဲကြောင့် နိုင်ငံတကာ၏ ဝေဖန်မှုများကို ခံခဲ့ရကာ ICC ကလည်း ယင်းမူးယစ်စစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် စီစဉ်ခဲ့သည်။ဒူတာတေးကမူ ဖမ်းဆီးမှုကို အကြမ်းဖက်ခုခံသည့် မူးယစ်သံသယရှိသူများအားလုံးကို ပစ်သတ်ရန် အမိန့်ပေးခဲ့ပြီး သံသယရှိသူများကို ပစ်ခတ်သတ်ဖြတ်မှုအတွက် ရဲတပ်ဖွဲ့ကို အကာအကွယ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။














