ယူကရိန်းနယ်စပ်အနီး၌ သီတင်းပတ်ပေါင်းများစွာ ပြောင်းရွှေ့နေရာချထားခံခဲ့ရပြီးနောက် စစ်သားအချို့သည် ၎င်းတို့၏ အခြေစိုက်စခန်းများသို့ ပြန်လာနေကြသည်ဟု ဖေဖော်ဝါရီ ၁၅ ရက်တွင် ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အိမ်နီးချင်းယူကရိန်းနှင့် တင်းမာမှုများကို အရှိန်လျှော့ချနိုင်မည့် အလားအလာ ဖြစ်လာသည်။
အဆိုပါ တပ်များသည် စစ်ရေးလေ့ကျင့်မှုများ ပြီးသွားပြီဖြစ်သော်လည်း လောလောဆယ်တွင် နိုင်ငံတစ်ဝန်း၌ အခြားအကြီးစားစစ်ရေးလေ့ကျင့်မှုများ ဆက်လက်ရှိနေမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။
ယူကရိန်းအစိုးရအနေဖြင့် မိမိနယ်စပ်များမှ ရုရှားတပ်ရုပ်မှုကို မျက်မြင်တွေ့ရမှသာလျှင် တင်းမာမှု လျှော့ချမည်ဆိုသော အချက်အား ယုံကြည်မည်ဟု ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူ လီဘာက ပြောကြားခဲ့ကြောင်း Interfax သတင်းဌာနက ဖော်ပြခဲ့သည်။
“ရုရှားပြည်ထောင်စုဆီကနေ မတူကွဲပြားတဲ့ ထုတ်ပြန်ချက်တွေကို ကျွန်တော်တို့ အဆက်မပြတ်ကြား နေရပါတယ်။ ဒီတော့ကာ ကျွန်တော်တို့မှာလည်း မြင်မှ ယုံမယ်ဆိုတဲ့ အကျင့်တော့ရှိနေပါတယ်။ တပ်တွေရုပ် သိမ်းတာကို ကျွန်တော်တို့မြင်ရမယ်ဆိုရင် တင်းမာမှုလျှော့ချရေးဆိုတာကို ကျွန်တော်တို့ ယုံကြည်ပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
စစ်သားများ ၎င်းတို့၏ အခြေစိုက်စခန်းများသို့ ပြန်လာကြရန် ပြင်ဆင်နေကြသောကြောင့် တင့်ကားများနှင့် အခြားသံချပ်ကာယာဉ်များကို (ရထား) ပက်လက်တွဲများပေါ်တင်နေသည့် ဗီဒီယိုများအား ရုရှားအစိုးရက ထုတ်ပြန်ခဲ့သည်။
ရုရှားတပ်ရင်းအချို့သည် ယူကရိန်းနယ်စပ်တစ်လျှောက်တွင် ထိုးစစ်ဆင်တိုက်ခိုက်မည့် နေရာမျာသို့ သွားနေကြသည်ဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် အကြီးတန်းအမေရိကန်တာဝန်ရှိသူက ပြောကြားခဲ့ရာ ကျူးကျော်မှု ဖြစ်လာတော့မည်ဆိုသည့် စိုးရိမ်မှုများကို ထပ်မံမြင့်တက်စေခဲ့သည်။
ရုရှားစစ်တပ်သည် ယခုသီတင်းပတ်အကုန်လောက်တွင် ယူကရိန်းကို ကျူးကျော်မည်ဟု မျှော်လင့်ထားကြောင်း အမေရိကန် ထောက်လှမ်းရေး ခန့်မှန်းချက်များအရ သိရသည်။














