၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ ကောလိပ်အသီးသီး၌ ကျောင်းဖွင့်ရက်မတိုင်ခင်အထိ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ဖော်ပြချက်အရ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ကောလိပ်အသီးသီး၏ နေ့သင်တန်းနှင့် အဝေးသင် သင်တန်း ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ်များသို့ ဝင်ခွင့် မလျှောက်ထားရသေးသဖြင့် ဝင်ခွင့်လျှောက်ထားလိုသူများသည် မိမိပြည်နယ်/တိုင်းဒေသကြီး ပညာရေးမှူးရုံးများ (သို့မဟုတ်) အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်) တွင် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် လျှောက်လွှာပုံစံတစ်စုံလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ထုတ်ယူနိုင်ပြီး ကျောင်းဖွင့်လှစ်မည့် နေ့ရက်မတိုင်မီအထိ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်) သထုံလမ်း၊ ကမာရွတ်မြို့နယ်သို့ လျှောက်ထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်င်တစ်ဝန်းရှိ အခြေခံပညာကျောင်းများကို ဇွန်လတွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း COVID-19 တတိယလှိုင်း ဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် ဇူလိုင်လထဲတွင် ကျောင်းများအားလုံး ပြန်လည်ပိတ်ခဲ့ကာ ယခုအခါ ကိုဗစ်တွေ့ရှိမှု လျော့နည်းလာခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုမှ မြို့နယ် ၄၆ မြို့နယ်ရှိ စာသင်ကျောင်း များမှလွဲ၍ ကျန်မြို့နယ် အားလုံးမှ ကျောင်းများအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















