COVID-19 မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးနှင့်ပတ်သက်၍ ပြည်တွင်းကူးစက်မှုများ ရှိလာသဖြင့် COVID-19 စည်းကမ်းများကို အထူးလိုက်နာရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၌ဇန်နဝါရီ ၃၁ ရက်အထိ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ပြည်တွင်းကူးစက်မှုအပါအဝင် အိုမီခရွန်ရောဂါပိုးတွေ့သူ ဦးရေ ၃၁၀ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်တွင်းကူးစက်မှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၈ ရက်ထုတ်ပြန်ချက်အရ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၇၂ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ ၄၈ ဦးနှင့် ကလေးမြို့မှ ၂၀ ဦး၊ အဆိုပါဒေသများမှ ရောက်ရှိလာသူများမှတစ်ဆင့် ထပ်မံကူးစက်ခံရသူသုံးဦးနှင့် COVID-19 ရောဂါ သံသယလူနာများမှ ရောဂါအတည်ပြုလူနာ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ရောရှိလာသူများနှင့် မြန်မာနိုင်ငံအတွင်း အစုလိုက်ကူးစက်မှုဖြစ်ပွားမှုများမှ ဓာတ်ခွဲနမူနာများကို ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက်တွင် Relief Flight ဖြင့် ပြန်လည်ဝင်ရောက်လာသူ ၂၇ ဦးတွင် ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလေယာဉ်ဖြင့် ယူအေအီးနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား လေးဦးတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအနက် အိုမီခရွန်ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ဇန်နဝါရီ ၇ ရက်၌ ၁၂ ဦး၊ ဇန်နဝါရီ ၉ ရက်တွင် သုံးဦး၊ ဇန်နဝါရီ ၁၂ ရက်တွင် နှစ်ဦး၊ ဇန်နဝါရီ ၁၃ ရက်တွင် ၄၅ ဦး၊ ဇန်နဝါရီ ၁၅ တွင် ၁၀ ဦး၊ ဇန်နဝါရီ ၁၇ ရက်တွင် ၄၂ ဦး၊ ဇန်နဝါရီ ၂၀ ရက်တွင်၂၈ ဦး၊ ဇန်နဝါရီ ၂၄ ရက်တွင် ၃၇ ဦး၊ ဇန်နဝါရီ ၂၇ ရက်၌ ၂၈ ဦး၊ ဇန်နဝါရီ ၃၁ ရက်တွင်၂၇ ဦးဖြင့် စုစုပေါင်းဦးရေ ၃၁၀ အထိ တွေ့ရှိထားသည်။
ယင်းရောဂါပိုး ကူးစက်ခံရသူများသည် အိန္ဒိယနိုင်ငံ၊ ယူအေအီး၊ မလေးရှား၊ ရုရှား၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကိုရီးယား စသည့်ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အိုမီခရွန်ရောဂါပိုး တွေ့ရှိသူများအား COVID-19 ကုသရေးစင်တာများနှင့် သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ အထူးကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ်၌အတူလိုက်ပါသည့် ခရီးသည်များကိုလည်း အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















