ဇွဲကပင်တောင်ကို တက်ဖို့ အရင့်အရင်နှစ်တွေကတည်းက သူငယ်ချင်းတွေ ခေါ်နေတာ။ သူတို့က တစ်နှစ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်ကို သွားနေကျလည်းဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အကြောင်းဆုံတာနဲ့ ဇွဲက ပင်တောင်ကို တက်ဖြစ်ခဲ့ပါတယ်။
ဇွဲကပင်တောင်ကို တက်ဖြစ်တဲ့နေ့က ပြာသိုလပြည့်။ နံနက်အစောပိုင်းကတည်းက အချိန်အခါမဟုတ် ရွာသွန်းနေတဲ့ မိုးကြောင့် တောင်တက်တဲ့အချိန်မှာ အခက်အခဲလေးဖြစ်မှာ စိုးရိမ်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း မော်လမြိုင်မြို့ကနေ နံနက် ၆ နာရီလောက် စတင်ထွက်ခွာလာတဲ့အခါမှာတော့ အရှေ့ဘက်က နေရောင်ခြည်အလင်းစလေးတွေ့ ရပါတယ်။
ကိုဗစ်ကပ်ရောဂါအခြေအနေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အိမ်အပြင် မထွက်ရတာကြာနေပြီဖြစ်တဲ့ ကျွန်တော့် အတွက်ကတော့ အတ္ထရံမြစ်နဲ့ ဂျိုင်းမြစ်တွေ အပေါ် ဖြတ်တဲ့အချိန် မြစ်ပြင်အပေါ်ဖြတ် သန်းတိုက်ခတ်လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေကို ရှူရှိုက်မိတဲ့အခါမှာတော့ တက်ကြွ လန်းဆန်းလို့လာပါတယ်။ မမြင်ရတာကြာနေပြီဖြစ်တဲ့ မော်လမြိုင်-ဘားအံ ကားလမ်း ဘေးဝဲယာတစ်လျှောက် ရှုခင်းတွေကို မြင်တွေ့ရပြန်တော့လည်း စိတ်ကိုပိုပြီးတော့ ကြည်လင်စေပါတယ်။
ဇွဲကပင်တောင်ခြေကို နံနက် ၇ နာရီ ရောက်ရှိခဲ့ပါတယ်။ ဇွဲကပင်တောင်ကို တက်တဲ့လမ်းက နှစ်လမ်းရှိတယ်လို့ သိရပါတယ်။ ပထမလမ်းက ဘားအံမြို့ဘက်ကလာရင် အနီးဆုံးနေရာဖြစ်တဲ့ ဇွဲကပင်တောင်ရဲ့ အရှေ့ ဘက်မှာရှိတဲ့ ခလောက်နို့ရွာဘက်နေတောင် တက်လမ်း တစ်လမ်းရှိပြီးတော့ ဇွဲကပင်တောင်ရဲ့ အနောက်ဘက်၊ တော်ပုံကျေးရွာဘက်၊ လုမ္ဗိနီဥယျာဉ်ကနေ တောင်ပေါ်ကိုတက်တဲ့ လမ်းတစ်လမ်း ရှိပါတယ်။ ဘားအံဘက်ကလာတဲ့ လာကြသူတွေကတော့ ခလောက်နို့ ရွာဘက်မှာရှိတဲ့ တောင်တက်လမ်းကနေ တက်ကြလေ့ရှိပြီးတော့ အနယ်နယ်အရပ်ရပ်က လာရောက်ကြသူတွေကတော့ တော်ပုံရွာဘက်မှာရှိတဲ့ တောင်တက်လမ်းကနေ တောင်ပေါ်ကို တက်ရောက်ကြတာများတဲ့ အကြောင်းကို ဒေသခံတွေဆီက သိရပါ တယ်။
နံနက် ၇ နာရီခွဲက စပြီး ကျွန်တော်တို့ မိတ်ဆွေသူငယ်ချင်းတစ်သိုက် တော်ပုံရွာ လုမ္ဗိနီဥယျာဉ်ဘက်ကနေ တောင်ပေါ်ကို စတက်ကြပါတယ်။ အလေ့အကျင့်မရှိတဲ့ ကျွန်တော့်အဖို့တော့ တောင်ပေါ်ကို စတက်တဲ့ လှေကားထစ်ပေါင်း ၅၀ လောက်ကျော် လာတယ်ဆိုရင်ပဲ အတော်ကို ခြေကုန်လက် ပန်းကျချင်လာပါတယ်။
ဇွဲကပင်တောင်ရဲ့အမြင့်က ပင်လယ်ရေ မျက်နှာပြင်အထက် ၇၂၂ မီတာ (၂၃၆၉ ပေ) မြင့်တယ်လို့ မှတ်သားရပါတယ်။ ဒါ့အပြင် အမြင့်ဆုံးတောင်ထွတ်က ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၇၃၄ ပေမြင့်တယ် လို့လည်း ဆိုကြပါတယ်။
ဇွဲကပင်တောင်ဟာ မြေပြင်အထက်မှ ထီးထီးကြီးရှိနေတဲ့ တောင်ဖြစ်ပြီးတော့ တောင်မြောက်သွယ်တန်းနေတဲ့ တောင်စဉ် အရှည်က မိုင် ၂၀ ခန့်ရှိတယ်လို့လည်း ဆိုကြပြန်ပါတယ်။
တနင်္ဂနွေနေ့လည်းဖြစ်၊ ပြာသိုလပြည့် နေ့လည်းဖြစ်နေပြန်တော့ ဇွဲကပင်တောင်ပေါ်ကို တက်ရောက်ကြတဲ့ ဘုရားဖူးတွေ အတော်များများတွေ့ရပါတယ်။ တချို့လည်း မိသားစုလိုက်၊ တချို့လည်း သူငယ်ချင်း၊ မိတ် ဆွေ အပေါင်းအသင်းတွေနဲ့ စုပေါင်းပြီး လာရောက်ကြဟန်တူပါတယ်။ တောင်တက်လမ်း ခရီးဖြစ်တဲ့အတွက် သက်ကြီးရွယ်အိုတွေ သိပ်တော့မတွေ့ရပေမဲ့ ဆံတော်ရှင်ဇွဲကပင် တောင်စေတီတော်ကို အဓိဋ္ဌာန်နဲ့ လာရောက် ဖူးမြော်ကြတဲ့ သက်ကြီးပိုင်းတွေလည်း ရှိသလို ပုံမှန်လာဖူးကြတဲ့ သက်ကြီးရွယ်အိုတွေ လည်းရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျွန်တော့်အနေနဲ့ တောင်တက်လှေ ကား ၅၀ ကျော်လောက်မှာ ရင်တွေတုန်၊ ဒူးတွေတုန်နဲ့ ရှေ့ဆက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ စိတ်ထဲထင်မှတ်မိနေပါတယ်။ နာရီဝက်ခန့် နားနေတဲ့အချိန်မှာ သူငယ်ချင်း တွေက အထက်ရေတံခွန်ကျောင်းတိုက်ကို ရောက်ရှိနေကြပြီး ကျွန်တော့်ကိုလည်း ဆက်တက်လာဖို့ အားလှမ်းပေးကြပါတယ်။ အဲဒါ နဲ့ပဲ ရှိသမျှအားနဲ့ကြိုးစားပမ်းစားတက်လာလိုက်တာ နံနက် ၈ နာရီ ၂၀ မိနစ်လောက်မှာမှ အထက်ရေတံခွန်ကျောင်းတိုက်ကို ရောက်ရှိခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာက လှေကား ထစ်တွေပဲဆိုတော့ တော်တော်ကို တက်ယူခဲ့တာပါ။
ဒီနေရာမှာ ဇွဲကပင်တောင်ရဲ့ သမိုင်းအကျဉ်းလေးကို ဖော်ပြရရင် ဆံတော်ရှင်ဇွဲကပင်တောင်စေတီတော်မှာ ကျိုက်ထီးရိုးစေတီတော်၊ ဇင်းကျိုက်စေတီတော်နဲ့ မုလအိစေတီတော်တို့နဲ့ ခေတ်ပြိုင်လို့ဆိုကြပါတယ်။
ဇွဲကပင်တောင်ကို ဘီးလင်းမြို့ စစ်ကဲကြီးဦးနော် ရေးသားခဲ့သည့် မွန်စေတီတော် သမိုင်းပေါင်းချုပ်မှာ “ဗန္ဓဝဂီရိတောင်”ဟု လည်းကောင်း၊ ဇွဲကပင်တောင်ခြေရင်းမှာ ရှိတဲ့ ပအာဝန်မြို့တော်ကိုတည်ထောင်ပြီး စိုး စံနေတဲ့ လုဒ္ဓဗဘာဓရာဇာခေါ် ကရင်မင်းဟာ တောလည်ထွက်ရင်းနဲ့ လှံတော်ပျောက် ဆုံးသွားတဲ့အတွက်ကြောင့် ကရင်ဘာသာနဲ့ “ဇွဲပင်လင်’ဟု လည်းကောင်း၊ နောင်အခါ တောင်အထွတ်မှာ သင်္ဘော၊ လှေ၊ ဖောင်တို့ ဆိုက်ကပ်ချည်တွဲထားတတ်ကြတဲ့အတွက် “ဒိုးကရွယ်ကဗန်း”ဟု လည်းကောင်း ခေါ်ဆိုလာခဲ့ရာမှ “ကရွယ်ကဗန်း” မှ “ဇရွဲကဗံ”၊ ထို မှ “ဇွဲကဗန်”၊ “ခွဲကဗန်” မှသည် “ဇွဲကပင်” ရယ်လို့ ပြောင်းလဲခေါ်ဆိုလာကြတယ်လို့ ဆိုပါတယ်။
ထို့ပြင် မွန်လူကြီးသူမများရဲ့ အဆိုအမိန့်အရ “ဇွဲကပင်” ဟု ခေါ်ဆိုနေကြခြင်းမှာ မွန်ဝေါဟာရ “ဇဝယ်ကဗန်” ကို မပီမသ ခေါ်ခြင်းဖြစ်ကြောင်း၊ “ဇဝယ်”မှာ ညောင်ပင်ဖြစ်ပြီး “ကဗန်” မှာ ချဉ် (အချဉ်) ဖြစ်ကြောင်း၊ မြန်မာလို ညောင်ချဉ်ပင်ဟု အဓိပ္ပာယ်ရကြောင်း၊ ရှေးအခါက ဤတောဤတောင်၌ ညောင်ချဉ်ပင်များ ပေါများလှသောကြောင့် “ဇဝယ်ကဗန်”၊ ညောင်ချဉ်ပင်တော၊ ညောင်ချဉ်ပင်တောင်ဟု မွန်တို့က အမည်မှည့်ထားခြင်း ဖြစ်သည်ဟုလည်း ဆိုကြပါသေးတယ်။
အထက်ရေတံခွန်ကျောင်းတိုက်မှာလည်း ၁၀ မိနစ်ခန့် ထပ်နားရပါသေးတယ်။ အဲဒီနောက်မှ သွေးပူသွားလို့လားမသိ၊ မောပန်းခြင်းနဲ့ ညောင်းညာခြင်းတွေက သက်သာလာပါတယ်။ တောရိပ်တောင်ရိပ်တွေကို မြင်တွေ့ရတာ၊ ဆံတော်ရှင် ဇွဲကပင်စေတီတော်ကို မရောက်ရောက်အောင်သွားပြီး ဖူးမြော် မယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်ချထားတာလည်း ပါပါတယ်။
အထက်ရေတံခွန်ကျောင်းတိုက်အလွန် ကစပြီး တောတောင်သဘာဝ အလှတရားတွေကို ထိတွေ့ခံစားရပါတယ်။ တောင်ပေါ်မှာ သစ်ကြီးဝါးကြီးတွေ တွေ့မြင်ရပါသေးတယ်။ မျောက်တွေလည်း ပျော်စံကြပါတယ်။ ဘုရားဖူးတွေကလည်း မုန့်လေးတွေ ထုတ်ကျွေးတာတွေ့ရပါတယ်။ အလှဓာတ်ပုံတွေ ကတော့ ရိုက်ကြတာပေါ့။ တောလမ်းဆိုတော့ သိပ်ကြီးတော့ မပင်ပန်းတော့ပါဘူး။ တချို့တောပန်းလေးတွေ ပွင့်လန်းနေတာ တွေကိုလည် မြင်တွေ့ခဲ့ရပါတယ်။
ထူးခြားတာကတော့ လမ်းဘေးဝဲယာ တစ်လျှောက်မှာ လူလုပ်အမှိုက်တွေ အများအပြားတွေ့ရတာပါပဲ။ ရေသန့်ဘူးကအစ၊ အချဉ်ထုပ်၊ ဖော့ဘူး။ တောလမ်းထဲမှာ အမှိုက်နဲ့ပတ်သက်တဲ့ သတိပေးဆိုင်းဘုတ် တွေတော့ တွေ့ရပါတယ်။ ဒါပေမဲ့လည်း ...။
လမ်းတစ်လျှောက်မှာတွေ့ရတဲ့ ရေကန်တွေကို ကြည့်လိုက်ရင်လည်း အမှိုက်တွေပစ်ထည့်ထားတာတွေကို တွေ့ရပါတယ်။ အဲဒီ အမှိုက်တွေကိုမျောက်တွေကတော့ သွားမပစ်လောက်ပါဘူး။
ဒီလိုနဲ့ဆက်သွားရင်းနဲ့ နံနက် ၉ နာရီ ၅ မိနစ်လောက်မှာ လှေကားထစ်လေးတွေဆီ ထပ်ရောက်လာပါတယ်။ တော်တော်များတဲ့ လှေကားထစ်တွေပါ။ အလေ့အကျင့်မရှိတဲ့ ကျွန်တော့်အတွက်က တော်တော်လေးကို တက်ရပြန်ပါတယ်။ ကျွန်တော်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေကတော့ တောင်ထိပ်ဆီရောက်ပြီလို့ လှမ်းပြောပါတယ်။ လှေကားထစ်တွေကို တက်လိုက်နားလိုက်နဲ့၊ နားရတဲ့အချိန်က ပိုများပါတယ်။
မှတ်မှတ်ရရ ဇွဲကပင်တောင်ကို လွန်ခဲ့တဲ့ ၁၇ နှစ်ခန့်က တစ်ကြိမ်တက်ခဲ့ဖူးပါတယ်။ မော်လမြိုင်တက္ကသိုလ် ခြေလျင်တောင်တက် အသင်းနဲ့ပါ။ အဲဒီအချိန်တုန်းက လူလုပ်လှေကားသိပ်မရှိဘူး။ တောလမ်းတောင်လမ်းနဲ့ သဘာဝအလျောက်ပြုပြင်ထားတဲ့ ကျောက်စီ လှေကားလေးတွေပေါ်သွားခဲ့ရတာတွေကို ပြန်အမှတ်ရမိပါတယ်။
နံနက် ၉ နာရီ ၅၀ မိနစ်လောက်မှာတော့ တောင်ပေါ်ကိုရောက်လုပြီဆိုတာ သိလိုက်ရတဲ့အတွက် တော်တော်လေးလည်း ပျော်သွားပါတယ်။ တောင်တက်လမ်းရဲ့ ဘေးပတ်လည်မှာလည်း ပတ်ဝန်းကျင်ရှုခင်းတွေကို မြင်တွေ့ စပြုနေပါပြီ။ ဇွဲကပင်တောင်နဲ့အဆက် တောင်စွယ်တောင်တန်းကို တွေ့မြင်ရတဲ့ အပြင် တောင်ခြေကို လှမ်းကြည့်လိုက်ရင်လည်း လယ်ကွင်းပြင်တွေ၊ လမ်းတွေနဲ့ အ ဆောက်အအုံတချို့ကို အပေါ်စီးကနေ မြင်တွေ့ရပါတယ်။ အခုလိုမြင်ကွင်းမျိုး မတွေ့ရတာလည်း အတော်ကိုကြာနေပါပြီ။
မရေမတွက်နိုင်တော့တဲ့ လှေကားထစ်တွေပေါ် နင်းကျော်ရင်းနဲ့ နံနက် ၁၀ နာရီ ၁၅ မိနစ်မှာ ဇွဲကပင်တောင်ထွတ်ကို လှမ်းမြင်တွေ့ရပါပြီ။ တောင်ပေါ်မှာ ဖုန်းတာဝါတိုင်နဲ့ Cable Car စီမံကိန်းက အဆောက်အအုံ တချို့ကိုလည်း တွေ့ရပါတယ်။ အဲဒီအပြင်ကို ဇွဲကပင်တောင်ရဲ့ အရှေ့ခြမ်းနဲ့ အနောက်ဘက် ခြမ်းကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရ ပြန်ပါတယ်။ တောင်ထပ်နားရောက်လာတော့ တိုက်ခတ်လာတဲ့လေက အေးစိမ့်နေပါတယ်။
ဒီလိုနဲ့ နံနက် ၁၀ နာရီ ၂၄ မိနစ်မှာတော့ တောင်ထပ်ပေါ်ကို အောင်မြင်စွာနဲ့ရောက်ရှိ သွားခဲ့ပါတယ်။ ပုံမှန်တောင်တက်သူတွေ နှစ်နာရီခန့်သာကြာတဲ့ ခရီးကို ကျွန်တော်က သုံးနာရီနီးပါး တက်ခဲ့ရတာဖြစ်ပါတယ်။
တောင်ပေါ်ရောက်လျှင်ရောက်ချင်း ဆံတော်ရှင်ဇွဲကပင်စေတီတော်ကို ဖူးမြော်လိုက်ရတဲ့အတွက် အမောအပန်းဟူသမျှ ကင်းစင်သွားရပါတယ်။ စေတီတော်ကို ဖူးမြော်ရတဲ့ ပီတိစိတ်ကလည်း ရင်ကိုအေးမြသွားစေပါတယ်။
အဲဒီနောက်မှာ တောင်ပေါ်ကနေ အနောက်ဘက်ပတ်ဝန်းကျင်ကို လှမ်းမျှော်ကြည့်လိုက်တော့ သံလွင်မြစ်ကြီးကို မှိုင်းပျပျ လှမ်းမြင်ရပါတယ်။ ကျောက်ကပ်စေတီတော် တည်ရှိရာနေရာကိုလည်း လှမ်းမြင်ရပြီး တောင်တချို့ကိုလည်း တွေ့မြင်ရပါတယ်။
ဇွဲပင်တောင်ရဲ့ အရှေ့မြောက်ဘက်မှာလည်း တောင်စွယ်တောင်တန်းတွေ ထပ်မံမြင်တွေ့ရပါသေးတယ်။ မြောက်ဘက်အစွန်း ဆုံးတောင်က နွားလဘို့တောင်လို့ ခေါ်တယ်လို့ ဒေသခံတွေထံကသိရပါတယ်။ ရင်ပြင် တော်ပေါ်မှာလည်း သာသနိကအဆောက်အအုံတွေနဲ့ ဆောက်လက်စ အဆောက်အအုံတွေကိုလည်း မြင်တွေ့ရပါသေးတယ်။
အဲဒီအပြင်ကို ရင်ပြင်တော်ပေါ်မှာ ဝေဖန်မှုတွေ အများကြီးရှိခဲ့တယ်ဆိုတဲ့ မှန်ရင်ပြင်မှာလည်း အမှတ်တရ ဓာတ်ပုံတွေရိုက်ခဲ့ပါသေးတယ်။ ရင်ပြင်တော်မှာ သက်သတ်လွတ်ထမင်းဆိုင်တစ်ဆိုင်ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်ကတော့ သွားမစားဖြစ်ခဲ့ပါဘူး။
ဇွဲကပင်တောင် ရင်ပြင်တော်ပေါ်မှာ တစ်နာရီခန့်နားပြီးတော့ နံနက် ၁၁ နာရီ ၂၀ မိနစ်လောက်မှာ တောင်အောက် ပြန်ဆင်းလာပါတယ်။
အဆင်းခရီးက သိပ်ပြီးမပင်ပန်းပေမဲ့ လှေထားထစ်တွေများတဲ့အတွက်ကြောင့် သတိထားပြီး ဆင်းရပါတယ်။ လမ်းတစ်လျှောက်မှာလည်း လူလုပ်အမှိုက်တွေကို ကိုယ်လက်လှမ်းမီသလောက် ကောက်ယူခဲ့ပါသေးတယ်။ ဒီနေရာမှာ တောင်တက် တောင်ဆင်းမှာ အမှိုက်ပုံးတွေ ထားရှိသင့်သလို ဘုရားဖူးလာသူ၊ တောင်တက်သူ အပေါင်းကလည်း မိမိအမှိုက်ကို မိမိက တာဝန်ယူသင့်တယ်လို့ မြင်ပါတယ်။
ဇွဲကပင်တောင်နဲ့ပတ်သက်လာရင် ကျောက်နံရံကြီးမှာ အဝေးကနေတောင် မြင်တွေ့နိုင်တဲ့ ကရင်မောင်နှမနှစ်ဦးရဲ့ဘဝဖြစ်စဉ်ကလည်း စိတ်ဝင်စားစရာ၊ လွမ်းဆွတ် ကြေကွဲဖွယ်ရာ၊ ကရုဏာသက်စရာကောင်း လှတယ်လို့ ဆိုကြပါသေးတယ်။ အဆိုပါ ကရင်မောင်နှမနှစ်ဦးက ဇွဲကပင်တောင်ကို စောင့်ရှောက်ပေးနေကြတယ်လို့ ယုံကြည်မှု တွေရှိကြပါတယ်။
တောင်ဆင်းခရီးမှာတော့ မိတ်ဆွေတွေ နဲ့ စကားတပြောပြောဆင်းလာလိုက်ကြတာ ဇွဲကပင်တောင်ခြေကို မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ခရီးစဉ်တစ်ခုကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်များစွာ ဝမ်းသာကြည်နူးရပါတယ်။
အမှတ်မထင်သွားဖြစ်ခဲ့တဲ့ ခရီးစဉ် လေးတစ်ခုက အမှတ်တရများစွာ ကျန်ရှိခဲ့သလို မြင်တွေ့ခဲ့သမျှကလည်း အမှန်ကတော့ ကိုယ်တိုင်တွေ့ကြုံ ခံစားကြည့်မှ ပိုမိုပြည့်စုံနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခက်အခဲမျိုးစုံရှိနေပါစေ။ ရည်မှန်းချက်ကို စိတ်အားထက်သန်မှုနဲ့ ဇွဲရှိရှိလုပ်ဆောင်နိုင်ခဲ့လို့သာ ကျွန်တော်အနေနဲ့ ဆံတော်ရှင်ဇွဲကပင်စေတီ တော်ကို ဖူးတွေ့ရတဲ့အပြင် တောင်ပေါ်ကမှ တွေ့ရမြင်ရမယ့် မြင်ကွင်းမျိုးတွေကို မြင်တွေ့ခွင့်ရတာဖြစ်ပါတယ်။
အခါအခွင့်သင့်ရင် နောက်တစ်ကြိမ် ထပ်လာပါဦးမယ် ဇွဲကပင်မြေ။
ကိုးကား - ဇွဲကပင်ဆံတော်ရှင်သမိုင်း











