ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားများ နေ့စဉ် ဖမ်းဆီးခံနေရကာ ဇန်နဝါရီ ၂၀ ရက် တစ်ရက် တည်း ၂၈၀ ကျော် ဖမ်းဆီးခံရကြောင်းနှင့် ဇန်နဝါရီလ သုံးပတ်အတွင်း ဖမ်းဆီခံရသူ ၂၃၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း အလုပ်သမား အရေးကူညီဆောင်ရွက်ပေးနေသူများထံမှသိရသည်။
အထောက်အထားပြုလုပ်ပေးမည့်သတင်းနှင့်အတူ ထိုင်းနိုင်ငံဘက်သို့တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူပိုမိုများပြားလာပြီး ယခုလသုံးပတ်အတွင်း ဖမ်းဆီး ခံရသူ ၂၀၀၀ ကျော်ထိရှိကြောင်း မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
“ယခုနှစ်၂၀၂၂ ဇန်နဝါရီလ သုံးပတ် အတွင်း မြန်မာနိုင်ငံမှထိုင်းသို့ တရားမဝင် ဝင်ရောက်သူမြန်မာနိုင်ငံသား၂၀၀၀ ကျော် ဖမ်းဆီးခံထားရပြီးဖြစ်ပါတယ်။ ဒါ ပြည်တွင်း မငြိမ်သက်မှု၊ အလုပ်အကိုင်ရှားမှုတွေကြောင့် ငွေကုန်ကြေးကျခံပြီးအဖမ်းလာခံနေကြသလိုဖြစ်နေပါတယ်”ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
ဇန်နဝါရီလ တတိယပတ် ၂၀ ရက် ည သန်းခေါင်ယံ ၁၂ နာရီခန့်က ပရာကျွတ်စီရီခမ် ပြည်နယ် ကော်လတ်ခရိုင် ဘန်ူမခမ်ဖုံရွာတွင် အမျိုးသား ၈၇ ဦး အမျိုးသမီး ၆၅ ဦး စုစုပေါင်း ၁၅၂ ဦး ဖမ်းဆီးခံရကြောင်း ဦမိုးကြိုးက ပြော ကြားသည်။
ထို့အတူ ဇန်နဝါရီ ၂၀ ရက် တစ်ရက် တည်းအဆိုနေရာ၌ နံနက် ၅ နာရီခွဲခန့်က အမျိုးသား ၂၆ ဦး ၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၄၁ ဦး နှင့် နံနက် ၈နာရီခွဲခန့်က အမျိုးသား လေးဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၁ ဦး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနမှ သတင်းထုတ်ပြန်ခဲ့ သည်။ ထို့အတူ ကန်ချနပူရီ ခရိုင်ရှိ လိုဏ်ဂူ တစ်ခု တွင် ပုန်းအောင်းနေသည့် ထိုင်းနိုင်ငံထဲ သို့ တရားမဝင် ဝင်ရောက်မည့်မြန်မာလုပ်သား ၈၃ ဦးကိုလည်း ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်း က ဖမ်းဆီးခံရကြောင်း သိရသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ထွန်ဖာဖူ မြို့နယ် ထားခနူကျေးရွာအုပ်စုအနီးရှိ ရေပြင် တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် ဘုရင့်ရေတပ်မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင် များ၊ ကျန်းမာရေးအဖွဲ့ဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့က ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံ မြန်မာနိုင်ငံသားများ သည် ပွဲစားခ တစ်ဦးလျှင် ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ ဘတ်ထိ ပေးဆောင်ရကြောင်း သိရ ပြီး ထားဝယ်၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်၊ မကွေး၊ ရခိုင် မှ လာရောက်၍ ဘန်ကောက် စမွတ်စ ခေါင် မခေါင်ပထုံ စုဖန်ဘုရီခရိုင်သို့ သွား ရောက်မည့်သူများဖြစ်ကြောင်း သိရသည်။















