၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားမည့်အစီအစဉ်ကို ဗြိတိန်နှင့် အိုင်ယာလန်တို့ ဖျက်သိမ်းရန်ဆန္ဒရှိနေဟု The Times ဖော်ပြ

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားမည့်အစီအစဉ်ကို ဗြိတိန်နှင့် အိုင်ယာလန်တို့ ဖျက်သိမ်းရန်ဆန္ဒရှိနေဟု The Times ဖော်ပြ
Photo: Sky Sports
Photo: Sky Sports
Published 7 January 2022

ဂုဏ်သိက္ခာကြီး အင်္ဂလိပ်သတင်းစာတစ်စောင်ဖြစ်သည့် The Times က ဗြိတိန်အစိုးရနှင့် အိုင်ယာလန်အစိုးရ နှစ်ဖက်စလုံးသည် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အိမ်ရှင်အဖြစ် ပူးတွဲလျှောက်ထားမည့်အစီအစဉ်ကို ဖျက်သိမ်းရန်ဆန္ဒရှိနေသည်ဟု အတွင်းသတင်းများကို ကိုးကားကာ ဖော်ပြခဲ့သည်။

နှစ်နိုင်ငံစလုံးသည် ယင်းအစီအစဉ်အစား (၂)နှစ်စောပြီးကျင်းပမည့် ယူရို-၂၀၂၈ ပြိုင်ပွဲ အိမ်ရှင်နေရာအား  တစ်ဦးတည်းအိမ်ရှင်နိုင်ငံအဖြစ် လွတ်လွတ်ကျွတ်ကျွတ် ကျင်းပနိုင်ရေးကို ပိုမိုအာရုံစိုက်လာခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအစီအစဉ်ကို လက်လျှော့လိုခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။

ဗြိတိန်အစိုးရသည် လက်ရှိအချိန်တွင် ယူရို- ၂၀၂၈ အိမ်ရှင်နေရာလျှောက်ထားမှုအတွက် စီမံကိန်းရေးဆွဲခြင်း၊ အသေးစိတ်လေ့လာခြင်းတို့ပြုလုပ်ရန် ဘတ်ဂျက် ပေါင် (၁၁)သန်း သတ်မှတ်ပေးဖွယ်ရှိနေပြီး အိမ်ရှင်နေရာလျှောက်ထားမှုအတွက် အသင်းတစ်သင်းဖွဲ့စည်းရန် လုပ်ဆောင်နေသည်ဟုလည်း သိရှိရသည်။

အင်္ဂလန်နိုင်ငံသည် ၎င်းတို့ တစ်နိုင်ငံတည်းအနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် မင်းသား ဝီလျံ၊ နာမည်ကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်တို့၏ ဦးဆောင်မှုဖြင့် ကြိုးစားခဲ့ဖူးပြီး ထိုအချိန်ကမူ အရေးနိမ့်ခဲ့ကာ ရုရှားနိုင်ငံက ကျင်းပခွင့်ရရှိခဲ့သည်။

နောက်ပိုင်းတွင် မဲမသမာမှုများရှိခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး ဖီဖာ၏ တာဝန်ရှိသူတော်တော်များများ ရာထူးမှနုတ်ထွက်ရကာ အရေးယူခံရခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သူ ဘောရစ်ဂျွန်ဆင်က အိုင်ယာလန်နှင့် ၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်နေရာ ပူးတွဲလျှောက်ထားရန် မျှော်လင့်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့ဖူးသော်လည်း The Times သတင်းစာကမူ ယခုကဲ့သို့ ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent