စီးရီးအေပွဲစဉ် ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Published 21 October 2018

 

ဖရိုဆီနိုနီ နှင့် အမ်ပိုလီ (တနင်္ဂနွေညနေ ၅းဝ၀ နာရီ)

တန်းဆင်းဇုန်အမှောင်ထဲက ဘယ်အသင်းရုန်းထွက်နိုင်မလဲဆိုတာအတွက် အကြိုတိုက်ပွဲပါပဲ။ အမ်ပိုလီက စုဖွဲ့မှုပိုကောင်းပေမယ့် အဝေးကွင်းကျိန်စာဆိုးကြောင့် တစ်မှတ်ထက် ပိုမမျှော်လင့်သင့်ဘူး။ ဖရိုဆီနိုနီ အမှတ်ရမယ်။

ဘိုလော့ဂ်နာ နှင့် တိုရီနို (တနင်္ဂနွေည ရး၃၀ နာရီ)

တိုရီနိုဟာ အဝေးကွင်းမှာ သူတို့အင်အားကို ပိုပြီးပြသနေနိုင်တယ်။ ဒီရာသီအဝေးကွင်း (၄)ပွဲမှာ တစ်ပွဲမှမရှုံးသေးဘူး။ ဘိုလော့ဂ်နာက မတည်ငြိမ်ခြင်းဇာတ်လမ်းသွားကို မပြင်နိုင်သေးဘဲ ဂိုးရဖို့လည်းရုန်းကန်နေရတယ်။ သရေကျမယ်။

ချီယေဗို နှင့် အတ္တလန်တာ (တနင်္ဂနွေည ရး၃၀ နာရီ)

အမှတ်ပေးဇယားအောက်ဆုံးမှာ  သံချေးတက်နေတဲ့ ချီယေဗိုက နည်းပြအပြောင်းအလဲကြောင့် တိုးတက်လာဖို့ အချိန်ယူရဦးမယ်ထင်တယ်။ အတ္တလန်တာကကလည်း (၆)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး လေလွင့်နေတယ်။ ချီယေဗို အမှတ်ရမယ်။   

ပါးမား နှင့် လာဇီယို (တနင်္ဂနွေည ရး၃၀ နာရီ)

ဂျာဗင်ဟို၊ အင်လက်ဂ်ဆီတို့ဟာ ပါးမားရဲ့ တိုက်စစ်သူရဲကောင်းအသစ်တွေ၊ အထူးသဖြင့် အိမ်ကွင်းမှာ သူတို့ရဲ့ စွမ်းဆောင်ရည်ရာခိုင်နှုန်း ပိုပြီးထက်မြက်လေ့ရှိတယ်။ လာဇီယိုက အဝေးကွင်းပွဲစဉ်တွေအဖြစ်ကစားထားတဲ့ (၄)ပွဲမှာ ဂျူဗင်တပ်စ် နဲ့ မြို့ခံပြိုင်ဘက် ရိုးမားတို့ကိုသာ အရေးနိမ့်ထားပြီး အူဒီးနီးစ်၊ အမ်ပိုလီတို့ကို နိုင်ထားတယ်။ ဒါပေမဲ့ ပါးမားကွင်းမှာ လာဇီယို အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

ဖီအိုရင်တီးနား နှင့် ကာဂလီယာရီ (တနင်္ဂနွေည ၁ဝး၃၀ နာရီ)

ရာနှုန်းပြည့်အိမ်ကွင်းနိုင်ပွဲတွေနဲ့ ချီတက်နေတဲ့ ဖီအိုရင်တီးနားကို အဝေးကွင်းအိပ်မက်ဆိုးတွေကြားက ရုန်းမထွက်နိုင်တဲ့ ကာဂလီယာရီ ဘယ်လိုတားဆီးမလဲ။ အိမ်ကွင်းနောက်ဆုံး (၄)ပွဲမှာ (၁၂)ဂိုးသွင်းပြီး (၁)ဂိုးသာပေးထားရတဲ့ ဖီအိုရင်တီးနားရဲ့ မှတ်တမ်းကလည်း လေးစားစရာကောင်းပါတယ်။ တစ်မှတ်တန်မျှော်လင့်ချက်အတွက် ကာဂလီယာရီ ပိတ်ကစားဖို့ စီစဉ်လာမှာကိုတော့ ဖီအိုရင်တီးနား သတိထားရမယ်။ ဖီအိုရင်တီးနား (၂)ဂိုးပြတ်၊ မပြတ် စဉ်းစားရမယ်။

အင်တာမီလန် နှင့် အေစီမီလန် (တနင်္လာနံနက် ၁းဝ၀ နာရီ)

မီလန်ဒါဘီ၊ ဒါဘီတို့ရဲ့မိခင်၊ စီးရီးအေရပ်ဝန်းမှာ အကြမ်းတမ်းဆုံး၊ ဖျော်ဖြေမှုအပေးနိုင်ဆုံး၊ ဆွဲဆောင်မှုအရှိဆုံး မီလန်ဒါဘီကို မြင်တွေ့ခဲ့ရဖူးတယ်။ ဒါဟာ တစ်ချိန်တုန်းက အင်တာမီလန်ကို မိုရက်တီ ပိုင်ဆိုင်ခဲ့စဉ်က၊ အေစီမီလန်ကို ဘာလူစကိုနီ ပိုင်ဆိုင်ခဲ့စဉ်က၊ လက်ရှိအချိန်မှာ နှစ်သင်းစလုံးဟာ ပိုင်ရှင်အသစ်တွေလက်ထဲ၊ အိပ်မက်အသစ်ကိုယ်စီ၊ မျှော်လင့်ချက်အသစ်ကိုယ်စီ၊ ရာသီအစမတည်ငြိမ်မှုကိုယ်စီ ပိုင်ဆိုင်ခဲ့ရတဲ့ မီလန်မြို့ခံနှစ်သင်းရဲ့ ၂၀၁၈ ဒါဘီတိုက်ပွဲအသစ်။ ဒီပွဲပြီးရင် နှစ်သင်းစလုံး  ဥရောပပြိုင်ပွဲကိုယ်စီ နွှဲရဦးမယ်ဆိုပေမယ့် မီလန်ဒါဘီအပေါ်ထားရှိမယ့် တိုက်ပွဲဝင်စိတ်ထားဟာ လျော့ပါးနေမှာမဟုတ်ဘူး။   ဒီရာသီ စီးရီးအေမှာ အင်တာမီလန်အတွက်  (၃)ဂိုးသွင်းထားတဲ့ အီကာဒီ၊ အေစီမီလန်အတွက်  (၄)ဂိုးသွင်းထားတဲ့ ဟီဂွါအင်၊   မီလန်ဒါဘီသူရဲကောင်းဟာ ဘယ်သူဖြစ်လာမလဲ။ အပြန်အလှန်ဂိုးတွေနဲ့ အင်တာမီလန် မရှုံးမယ့် မီလန်ဒါဘီဖြစ်လာမယ်။

 

 

 

Most Read

Most Recent