တပ်မတော်(ရေ)၏ ဒုတိယမြောက် ရေငုပ်သင်္ဘော စစ်ရေယာဉ် မင်းရဲကျော်ထင်နှင့် ကမ်းလွန်ရေယာဉ်တစ်စင်း၊ မြစ်တွင်းသွား ကင်းလှည့်ရေယာဉ်များ တပ်တော်ဝင်

တပ်မတော်(ရေ)၏ ဒုတိယမြောက် ရေငုပ်သင်္ဘော စစ်ရေယာဉ် မင်းရဲကျော်ထင်နှင့် ကမ်းလွန်ရေယာဉ်တစ်စင်း၊ မြစ်တွင်းသွား ကင်းလှည့်ရေယာဉ်များ တပ်တော်ဝင်
Published 25 December 2021

တပ်မတော်(ရေ)၏ ဒုတိယမြောက် ရေငုပ်သင်္ဘော မင်းရဲကျော်ထင်အပါအဝင် စစ်ရေယာဉ် ခြောက်စင်း ဒီဇင်ဘာ ၂၄ ရက်က တပ်တော်ဝင်ခဲ့သည်။

တပ်တော်ဝင်ခဲ့သည် စစ်ရေယာဉ်များမှာ ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲ ကျော်ထင်)၊ ကမ်းလွန်ရေယာဉ်တစ်စီး၊ မြစ်တွင်းသွား ကင်းလှည့် ရေယာဉ်နှစ်စီးနှင့် မြစ်တွင်း အမြန်သွားကင်းလှည့်ရေယာဉ်နှစ်စီးတို့ဖြစ် ကြောင်းသိရသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် ကျရောက်သည့် (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အဖြစ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်(ရေ)တွင် ပထမဆုံး ရေငုပ်သင်္ဘောစစ်ရေယာဉ်ဖြစ်သည့် မင်းရဲသိင်္ခသူကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၄ ရက် က တပ်တော်ဝင်ခဲ့ပြီး မင်းရဲသိင်္ခသူ စစ်ရေယာဉ်သည် Kilo အဆင့် ဒီဇယ်- လျှပ်စစ် အမျိုးအစားဖြစ်ကာ ယခင်ဆိုဗီယက်ပြည်ထောင်စုထုတ်ဖြစ်ကာ အိန္ဒိယတပ်မတော်တွင် တပ်တော်ဝင်အသုံးပြုထားပြီး  အိန္ဒိယနိုင်ငံ၌ အဆင်မြှင့်တင်ကာ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ပြီး ယခုတပ်တော်ဝင်ခဲ့သည့် ရေငုပ်သင်္ဘော မင်းရဲကျော်ထင်သည် မည်သည့်နိုင်ငံထုတ်နှင့် မည်သည့်အမျိုးအစားဖြစ်သည်ကိုမူ ထုတ်ပြန် ခဲ့ခြင်းမရှိပေ။

သို့ရာတွင် ရေငုပ်သင်္ဘောစစ်ရေယာဉ်(မင်းရဲကျော်ထင်) တပ်တော်ဝင်ခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်ဟိုင်း တက်ရောက်လာသည်ကို မြဝတီရုပ်မြင်သံကြား သတင်း ထုတ်လွှင့်မှုတွင် တွေ့ရသည်။

ရေငုပ်သင်္ဘောစစ်ရေယာဉ်(မင်းရဲကျော်ထင်) ကို လေ့ကျင့်ရေးဆောင်ရွက်ရန် အဓိကထားသည်ဖြစ်သော်လည်း လိုအပ်ပါက စစ်ဆင်ရေး တာဝန်များကိုလည်း ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေငုပ်သင်္ဘောစစ်ရေယာဉ်(မင်းရဲကျော်ထင်)ကို လေ့ကျင့်ရေးတာဝန်များအပြင် နိုင်ငံ၏ ပိုင်နက် ရေပြင်ကာကွယ်ရေးလုပ်ငန်းများတွင်လည်း အကျိုးရှိစွာအသုံးချရန် လိုအပ်မည် ဖြစ်ကြောင်း တပ်တော်ဝင်ခြင်း အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောကြားသည်။

တပ်မတော်(ရေ)တွင် ရေငုပ်သင်္ဘောတပ်ဖွဲ့တည်ဆောက်ရေးအတွက် ယခင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှွေလက်ထက်ကတည်းက လူသားအရင်းအမြစ်များကို  ကြိုတင်ပြင်ဆင်မှု အနေဖြင့် လေ့ကျင့်မှုများကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သဖြင့် ရေငုပ်သင်္ဘောတပ်ဖွဲ့လက်တွေ့ တည်ဆောက်ရာတွင် အသင့်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် မြစ်တွင်း အမြန်သွား ကင်းလှည့် ရေယာဉ်များကိုလည်း မြစ်တွင်း သယ်ပို့ တာဝန် ထမ်းဆောင်နိုင်ရန်နှင့် ဘက်စုံသုံး ရေယာဉ်အဖြစ်အသုံးပြုနိုင်သည့်အပြင် မြစ်တွင်း စစ်ဆင်ရေးများတွင် လျင်မြန်စွာ လှုပ်ရှားနိုင်ပြီး ပစ်အားနှင့် စစ်ကစားနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ကြောင်း၊ ဟန်ချက်ညီ ရေတပ်တစ်ခု တည်ဆောက်သည့်နေရာတွင် သီးသန့်စီးပွားရေးဇုန် ကာကွယ်နိုင်ရန်၊ ကမ်းရိုးတန်းရေပြင်နှင့် မြစ်တွင်းစစ်ဆင်ရေးများ ဆင်နွှဲနိုင်ရန်အတွက် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများ၊ ကော်ဗက်စစ်ရေယာဉ်များ အပါ အဝင် မြစ်တွင်းအမြန်သွားကင်းလှည့်ရေယာဉ်များကိုပါ အချိုးအစားမျှတစွာ ထမ်းဆောင်ရမည့်တာဝန်နှင့် လိုက်လျောညီထွေ ရှိအောင် စနစ်တကျ တည်ဆောက်ပေးလျက်ရှိကြောင်း ၄င်းကဆိုသည်။

ရေယာဉ်များ တည်ဆောက်ဖြည့်တင်းခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်လည်း ရေတပ်သင်္ဘောကျင်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ယင်း ရေတပ်သင်္ဘောကျင်းများမှ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စစ်ရေယာဉ် ၈၈ စင်းကို တပ်တော်ဝင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုတပ်တော် ဝင်သည့်စစ်ရေယာဉ်များနှင့်ဆိုပါက ၉၄ စင်း တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း တည်ဆောက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 

 

Most Read

Most Recent