ဗြိတိန်အစိုးရက သီးခြားနေထိုင်မှုကာလအား (၁၀)ရက်မှ(၇)ရက်သို့ လျှော့ချပေးသဖြင့် ခရစ္စမတ်ပွဲကျပ်ကာလတွင် ကစားသမားအများစု ပြန်ကစားနိုင်မည်

ဗြိတိန်အစိုးရက သီးခြားနေထိုင်မှုကာလအား (၁၀)ရက်မှ(၇)ရက်သို့ လျှော့ချပေးသဖြင့် ခရစ္စမတ်ပွဲကျပ်ကာလတွင် ကစားသမားအများစု ပြန်ကစားနိုင်မည်
Photo: Getty Images
Photo: Getty Images
Published 23 December 2021

ဗြိတိန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများအား သီးခြားနေထိုင်မှု(Self-Isolation)(၁၀)ရက်ကြာ ထားရှိခြင်းကို (၇)ရက်သို့ လျှော့ချပေးခဲ့ရာ လာမည့် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ကစားသမားအများအပြား ပြန်ကစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်အသင်းများအနေဖြင့် လာမည့် ဒီဇင်ဘာ(၂၆) ရက်နေ့မှ ဇန်နဝါရီ(၃)ရက်နေ့အတွင်း ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲကို ဆက်တိုက်ရင်ဆိုင်ရမည်ဖြစ်ပြီး ကလပ်အသင်းအချို့ရှိ ကစားသမားများမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရခြင်းကြောင့် ပွဲစဉ်အချို့ကို လွဲချော်ဖွယ် ရှိနေသည်။

ယခုအခါ ဗြိတိန်အစိုးရက သီးခြားနေထိုင်မှုနေ့ရက်ကို (၁၀)ရက်မှ (၇)ရက်သို့ လျှော့ချပေးခဲ့ရာ ကစားသမားအချို့မှာ ယင်းပွဲကျပ်ကာလတွင် ပွဲကစားခွင့်ရရန် အခွင့်အရေး ပိုများလာခဲ့ကြောင်း သိရှိရသည်။

ယင်းသတ်မှတ်ချက်ကြောင့် ဒီဇင်ဘာ(၁၇)ရက်နှင့် ရှေ့ပိုင်းရက်များတွင်  သီးခြားနေထိုင်မှု စတင်ကြုံတွေ့ခဲ့သော ကစားသမားများမှာ ပွဲကျပ် (၃)ပွဲ မကစားမီတွင် သီးခြားနေထိုင်မှု ပြီးဆုံးမည်ဖြစ်၍ ယင်းပွဲများ၌ ပါဝင်ကစားခွင့်ရရှိမည်ဖြစ်သည်။

သို့သော် သီးခြားနေထိုင်မှုနေ့ရက်မပြီးမီ ရောဂါပိုးကင်းရှင်းသည့် အဖြေထွက်ရှိရန် လိုအပ်ကြောင်းလည်း သိရှိရသည်။

ဗြိတိန်သတင်းစာ Daily Mail ၏ ဖော်ပြချက်အရ သီးခြားနေထိုင်မှု (၆)ရက်မြောက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ဆေးစစ်ဆေးမှုခံယူရာ၌ ရောဂါပိုးကင်းရှင်း(Negative  ထွက်)ရမည့်အပြင် နောက်(၂၄)နာရီအကြာ စစ်ဆေးမှုတွင်လည်း Negative ပြမှ သီးခြားနေထိုင်မှုနေ့ရက် ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။ 

Most Read

Most Recent