ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပနိုင်လျှင် သက်ဆိုင်ရာနိုင်ငံဘောလုံးအဖွဲ့ချုပ်များထံ လေးနှစ်လျှင်တစ်ကြိမ် ဒေါ်လာ ၁၉ သန်းစီ ထောက်ပံပေးသွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။
FIFA သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပနေရာမှ နှစ်နှစ်တစ်ကြိမ် ပြောင်းလဲကျင်းပရန် အစွမ်းကုန်ကြိုးပမ်းနေခြင်းမှာ ဝင်ငွေများစွာ တိုးမြင့်ရရှိရန်ဖြစ်ပြီး လက်ရှိဝင်ငွေထက် ပေါင်သုံးဘီလီယံကျော် ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။
FIFA က ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ငွေကြေးဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်ခဲ့သည့် ဘောလုံးအဖွဲ့ချုပ်များအတွက် ကူညီပေးနိုင်ရန်ဖြစ်သလို၊ ဘောလုံးလောက ပိုမိုဖွံ့ ဖြိုးတိုးတက်လာရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း ဆိုထား သည်။
သို့သော် ဝင်ငွေနှုန်းထားနှင့်ပတ် သက်၍မူ ယခုမှ ကိန်းဂဏန်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယခင်က လေးနှစ်လျှင် ဝင်ငွေ ဒေါ်လာ ခုနစ်ဘီလျံသာရှိရာမှ ကမ္ဘာ့ ဖလားပြိုင်ပွဲ နှစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ပါက လေးနှစ်လျှင် ဝင်ငွေဒေါ်လာ ၁၁ ဒသမ ၄ ဘီလျံအထိ တိုးမြင့်လာမည်ဟု သိရသည်။
ထို့ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်နှစ်တစ်ကြိမ် ကျင်းပမည့် အစီအစဉ်ကို ဥရောပနှင့် တောင်အမေရိကနိုင်ငံများက ကန့်ကွက်နေကြသော်လည်း ဒေသတွင်းပြိုင်ပွဲများအပေါ် ထိခိုက်မှုနည်းသည့် အာဖရိကနှင့် အာရှမှ နိုင်ငံများက မူ အစီအစဉ်သစ်ကို ထောက်ခံနေကြကြောင်းလည်း သိရသည်။















