လာမည့်နှစ်တွင် ပြိုင်ပွဲပေါင်း ၁၀၀ ကျော်ကျင်းပရန် BWF စီစဉ်ထားပြီး ပြိုင်ပွဲအချို့တွင် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်

လာမည့်နှစ်တွင် ပြိုင်ပွဲပေါင်း ၁၀၀ ကျော်ကျင်းပရန် BWF စီစဉ်ထားပြီး ပြိုင်ပွဲအချို့တွင် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်
Published 22 December 2021

 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် လာမည့် ၂၀၂၂ ခုနှစ်တွင် ပြိုင်ပွဲပေါင်း ၁၀၀ ကျော်ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

BWF သည် လာမည့်နှစ်တွင်ကျင်းပမည့် ပြိုင်ပွဲများ၏ ပြုလုပ်မည့်ရက်နှင့် နိုင်ငံတို့ကို အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကပ်ရောဂါ အခြေအနေ သက်ရောက်မှုမရှိပါက သတ်မှတ်ထားသည့်ရက်အတိုင်း ပြုလုပ်သွားမည် ဖြစ်သည်။ BWF အနေဖြင့် ဇန်နဝါရီမှ ဒီဇင်ဘာအထိ ပြိုင်ပွဲစုစုပေါင်း ၁၂၈ ခုပြုလုပ်ရန် စီစဉ်ထားပြီး ထပ်တိုးလာမည့်ပြိုင်ပွဲများလည်း ရှိနိုင်ကြောင်း သိရသည်။ 

BWF ၏ ထုတ်ပြန် မှုအရ ဇန်နဝါရီတွင် ပြိုင်ပွဲကိုးခု၊ ဖေဖော်ဝါရီ တွင် ပြိုင်ပွဲ ၁၅ ခု၊ မတ်လတွင် ပြိုင်ပွဲ ၁၅ ခု၊ ဧပြီတွင် ပြိုင်ပွဲ ၁၂ ခု၊ မေလတွင် ပြိုင်ပွဲ ရှစ်ခု၊ ဇွန်လတွင် ပြိုင်ပွဲ ၁၆ ခု၊ ဇူလိုင်တွင် ပြိုင်ပွဲ ၁၀ ခု၊ သြဂုတ်တွင် ပြိုင်ပွဲ ခြောက်ခု၊ စက်တင် ဘာတွင် ပြိုင်ပွဲ ၁၀ ခု၊ အောက်တိုဘာတွင် ပြိုင်ပွဲ ၁၃ ခု၊ နိုဝင်ဘာတွင် ပြိုင်ပွဲ ၁၁ ခု၊ ဒီဇင် ဘာတွင် ပြိုင်ပွဲ သုံးခု ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲများ အတိုးအလျော့ရှိလာနိုင်ကြောင်း သိ ရသည်။ BWF သည် ၂၀၂၁ ခုနှစ်တွင် ပြိုင်ပွဲ ပေါင်း ၁၈၅ ခု ကျင်းပရန် စီစဉ်ထားသော်လည်း ကပ်ရောဂါကြောင့် ပြိုင်ပွဲအများစု ဖျက်သိမ်းခဲ့ရပြီး ပြိုင်ပွဲ ၉၀ သာ ပြုလုပ်နိုင်ခဲ့သည်။

BWF ကပြုလုပ်မည့်ပြိုင်ပွဲများတွင် Grade-1၊ Grade-2၊ Grade-3 ပြိုင်ပွဲများ နှင့် လူငယ်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး မြန်မာ ကြက်တောင်အားကစားမယ် သက်ထားသူဇာလည်း ပြိုင်ပွဲအချို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ကပ်ရောဂါအခြေအနေကြောင့် သက်ထားသူဇာသည် ယခုနှစ်အတွင်း BWF က ပြုလုပ်သည့် ပြိုင်ပွဲတစ်ခုတွင်သာ ယှဉ် ပြိုင်ခဲ့ရပြီး ဒီဇင်ဘာ ၁၂ ရက်မှ ၁၉ ရက်အထိ စပိန်နိုင်ငံ၌ကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် BWF က ပြုလုပ်သည့် Grade-1 အဆင့်ရှိ ကမ္ဘာ့ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပထမအဆင့်တွင် တရုတ်တိုင်ပေကစားသမား ပိုင်ယုပိုကို အရေးနိမ့်ခဲ့သော်လည်း အတွေ့အကြုံကောင်းများ ရယူနိုင်ခဲ့သည့် ပြိုင်ပွဲဖြစ်ခဲ့သည်။

သက်ထားသူဇာသည် လာမည့်နှစ်တွင် ကျင်းပမည့် ပြိုင်ပွဲများအနက် ပြိုင်ပွဲအချို့ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကပ်ရောဂါ အခြေအနေအပေါ်မူတည်၍ ယှဉ်ပြိုင်မည့် ပြိုင်ပွဲများ ရွေးချယ်သွားဖွယ်ရှိနေသည်။  သက်ထားသူဇာသည် ၂၀၁၈ ခုနှစ်မှစတင်ကာ BWF ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး အောင်မြင်မှုများလည်း ရယူနိုင်ခဲ့သည်။ သက်ထားသူဇာသည် တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန်အတွက် BWF ပြိုင်ပွဲများတွင် ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရည်စစ် ပွဲ အောင်မြင်ကာ အိုလံပစ်ပြိုင်ပွဲတွင် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် မြန်မာကြက်တောင်မယ် ဖြစ်လာခဲ့သည်။    

Most Read

Most Recent