“ရာသီက သိမ်းတော့မယ်။ ဒီစျေးတိုင်းကတော့ ရှုံးတာပေါ့ဗျာ” ဟု ပခုက္ကူမြို့သို့ ကြက်သွန်လာရောက် ရောင်းချသည့် တောင်သူ ကိုဖိုးထွန်းက ညည်းညူရင်း ပြောပါတယ်။ မကြာခင် ချောင်းကြက်သွန် ရောင်းချချိန် ကုန်ဆုံးပါတော့မယ်။ တစ်ရာသီလုံး ခြုံကြည့်ရင် တောင်သူအတွက် အကျိုးများစရာ မရှိပါ။ တစ်ပိဿာ ၅၀၀ ကျပ်အောက် စျေးနဲ့ရောင်းနေရတော့ ကားခ၊ အလုပ်သမားခနဲ့ ပွဲရုံခ နုတ်လိုက်ရင် တောင်သူအတွက် ကျန်တဲ့ငွေက ၂၀၀ ကျပ်ထက် မပိုနိုင်ပါဘူး။
ချောင်းရေကုန်လို့ မြေပြင်ရတာ၊ မြေသြဇာအတွက် နွားချေးဝယ်ရတာ၊ စိုက်ဖို့ ပျိုးဝယ်ရတာတွေ စသည်ဖြင့် ကုန်ကျစရိတ်များ ပေါင်းရင် ကြက်သွန်တစ်ပိဿာ အရင်း ၃၀၀ ကျပ်အောက် မလျော့ပါ။ ဥအသေးကစ ဥအကြီးအထိ တစ်ပိဿာအရင်း ၃၀၀ ကျပ် အောက်မလျော့ပေမဲ့ ရောင်းတဲ့အခါ အကြီးက အကြီးစျေး၊ အငယ်က အငယ်စျေးဆိုတော့ ပွဲရုံကို ဝင်ရောင်းတဲ့အခါ တစ်ပိဿာ ၁၀၀ ကျပ်လောက်ပဲ ရတဲ့အခါများလည်း ရှိပါတယ်။ ဒါကြောင့်မို့ တောင်သူက အနည်းဆုံး တစ်ပိဿာ ၅၀၀ ကျပ်လောက်မှ မရောင်းရရင် မြတ်ဖို့ မလွယ်ပါ။
“ ဒီနှစ်တချို့ရက်တွေဆိုရင် နယ်စပ်အဝယ်မရှိတော့ ကြက်သွန်ဥကြီး တစ်ပိဿာမှ ၂၅၀ ကျပ်ပဲရတယ်။ ဥသေးဆိုရင် တစ်ပိဿာ ၁၀၀ ကျပ်လောက် ရောက်တယ်။ တစ်ပိဿာ ၂၅၀ ဆိုတာကိုက ကားခ၊ အလုပ်သမားခ နုတ်ရရင် တောင်သူက တစ်ပိဿာ ၁၅၀ လောက်ပဲ ရတယ်။ ဥသေးဆိုရင် တစ်ပိဿာ ၅၀ လောက်ပဲ ရတယ်။ ရသလောက်ပေါ့ဆိုတဲ့စိတ်နဲ့ လာရောင်းရတာ။ တောင်သူကတော့ ခွက်ခွက်လန်အောင် ရှုံးတယ်” ဟု ကိုဖိုးထွန်းက ပြောပြပါတယ်။
ကြက်သွန်တောင်သူတို့ ရွေးချယ်ခွင့်နဲ့ စိုက်ပျိုးရာအရပ်
ပခုက္ကူနယ်ထဲမှာ ချောင်း ကြက်သွန်နဲ့ မိုးကြက်သွန်ဆိုပြီး နှစ်မျိုးထွက်ရှိပါတယ်။ ချောင်းကြက်သွန်က တောင်ကျချောင်းရေ မလာတော့တဲ့ မိုးကုန်ကာလ ချောင်းမြေထဲမှာ စိုက်ပျိုးတာပါ။ ချောင်းမြေမှာ စိုက်တဲ့ အရပ်ဒေသတွေမှာ ကုန်းယာမြေဆိုတာ အလွန်နည်းပါးပြီး မိုးကုန်ချိန် ပေါ်လာတဲ့ ချောင်းမြေနဲ့ ချောင်းဘေးကုန်းမြေ အနည်းငယ်မှာ စိုက်ပျိုးကြတာပါ။ ရွေးချယ်စရာ သီးနှံဆိုလို့ အာလူး၊ မြေပဲနဲ့ ကြက်သွန်ပဲရှိပါတယ်။ အာလူးက စျေးကွက်အနေအထားအရရော ရာသီဥတုအရရော အနည်းငယ်လောက်ပဲ စိုက်ပျိုးကြပါတယ်။ မြေပဲက ချောင်းမြေမှာ ဖြစ်ထွန်းမှုနည်းလို့ အိမ်သုံးဖို့ အနည်းငယ်လောက်ပဲ စိုက်ကြပြီး အထွက်နှုန်းကောင်းတဲ့ ကြက်သွန်ကိုပဲ အားထားစိုက်ကြတာများပါတယ်။ ယောချောင်းနဲ့ ကျောချောင်းတစ်ဝိုက်က ဒေသခံတွေအတွက် အဓိကစီးပွားရေး လုပ်ငန်းတစ်ခုပါပဲ။
မိုးကြက်သွန်ဆိုတာက မြစ်ရေတက်ကာလအပြီး ရေဝင်အရပ်တွေ စိုက်ပျိုးကြတာပါ။ ပခုက္ကူနဲ့ ရေစကြိုမြို့နယ်ထဲက ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဝင် ကျွန်းစိုက်ပျိုးမြေတွေမှာ စိုက်ပျိုးကြပါတယ်။ ချောင်းကြက်သွန်စျေးကွက် ကောင်းရင် မိုးကြက်သွန်စျေးလည်း ကောင်းတတ်တာမို့ တချို့ကျွန်းတောင်သူများက စျေးကွက်ချိန်ဆပြီး မျှော်လင့်ချက်တွေနဲ့ စိုက်ပျိုးကြပါတယ်။ တချို့လည်း အခြားသီးနှံတွေနဲ့ မျှတပြီး စိုက်ပျိုးကြပါတယ်။ တစ်မျိုး စျေးကောင်းမရရင် အခြားတစ်မျိုးက စျေးကောင်းရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သီးနှံစုံအောင် စိုက်ကြပါတယ်။
“ မိုးကြက်သွန်က ၂၀၁၉၊ ၂၀၁၈ တုန်းက အကျိုးအမြတ်ရတယ်။ တောင်သူ အဆင်ပြေတယ်။ ၂၀၂၀ မှာ ကပ်ရောဂါတွေဖြစ် စျေးကွက်လည်း မရှိသလောက်ဖြစ်သွားတော့ တစ်ပိဿာ ၁၀၀ ကျပ်လောက်အထိ ရောက်သွားတယ်။ တောင်သူက စိုက်စရိတ် အကုန်ရှုံးတယ်။ တချို့ဆိုရင် နုတ်နေရင် နုတ်ခကုန်မှာစိုးလို့ ထွန်စက်နဲ့ အခင်းဖျက်ပြီး မြေသြဇာကို လုပ်ပစ်ကြတာ။ ချောင်းကြက်သွန်စျေးကောင်းတော့လည်း ငါတို့ မိုးကြက်သွန်လည်း စျေးကောင်းမှာပဲ ဆိုပြီး စိုက်ကြသလို ချောင်းကြက်သွန်စျေး မကောင်းရင်လည်း ငါတို့ မိုးကြက် သွန်ပေါ်ချိန် နိုင်ငံခြားသမားဝင် ဝယ်ရင် စျေးတက်မှာပဲဆိုပြီး စိုက်ကြတာပါပဲ။ ကောင်းတဲ့နှစ်စံ မကောင်းတဲ့နှစ် ခံပေါ့” ဟု မိုးကြက်သွန်စိုက်ပျိုးသည့် တောင်သူ ကိုရာဇာက ပြောပါတယ်။
ကြက်သွန်စျေးကွက် စတင်ပြိုလဲချိန်
ပခုက္ကူကြက်သွန်စျေးကွက် ဟာ ၂၀၁၈၊ ၂၀၁၉ အထိ ကောင်းမွန်ပါတယ်။ တစ်ပိဿာ ၃၀၀၀ ကျပ်အထိ ရောက်တဲ့အခါလည်း ရှိသလို တစ်ပိဿာ ၅၀၀ ကျပ်အောက် ရောက်သွားတာမျိုးလည်း မရှိခဲ့ပါ။ တောင်သူရော ကုန်သည်ပါ ပျော်ရတဲ့နှစ်တွေလို့ ဆိုနိုင်ပါတယ်။ သို့ပေမဲ့ ၂၀၂၀ ပြည့်နှစ် မတ်လမှာတော့ ကိုဗစ်ဗိုင်းရပ်စ် မြန်မာပြည်မှာ တွေ့ရှိလာပြီး လူစုလူဝေး သွားလာမှုတွေ၊ စျေးတွေ၊ ပွဲလမ်း သဘင်တွေအားလုံးကို ပိတ်လိုက်ရပါတယ်။ ဒီလိုပိတ်သိမ်းမှု ကန့်သတ်မှုတွေလုပ်ပြီး မကြာခင်မှာ ကြက်သွန်ရောင်းဝယ်မှုလည်း ရပ်ဆိုင်းခဲ့ပါတယ်။
မတ်လကုန်ဆိုရင် တောင်သူတွေ ကြက်သွန်သစ် စပေါ်လို့ စျေးကွက်ထဲ အလုံးအရင်းနဲ့ လာရောင်းချိန်မှာ ရောင်းဝယ်မှုတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် စျေးကွက်မရှိ ဝယ်သူမရှိနဲ့ ကြက်သွန်စျေးလည်း အလွန်အမင်း ထိုးကျသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ကန့်သတ်ချက်တွေနဲ့ အရောင်းအဝယ်တွေ ပြန်လုပ်ခဲ့ပေမဲ့ ကြက်သွန်စျေးကွက်က ကောင်းမလာခဲ့ပါဘူး။ နိုင်ငံခြားဝယ်လက်တွေလည်း မရှိ၊ ပြည်တွင်းကလည်း ကုန်အောင် မသုံးနိုင်နဲ့ ယနေ့တိုင် ကြက်သွန်စျေးဟာ အကျဘက်မှာ ရှိနေဆဲဖြစ်ပါတယ်။
“ ကြက်သွန်က ကုန်စိမ်းဆိုတော့ဖော်ပြီး မကြာခင်မှာ ထိုက်သင့်သလောက် ရောင်းထားရတယ်။ မရောင်းဘဲ ထားလို့ပဲဖြစ်ဖြစ် မရောင်းရလို့ပဲဖြစ်ဖြစ် ကြာလေကြာလေ ကြက်သွန်က ခြောက်လာပြီး အလေးချိန်လျော့လာတယ်။ ကြက်သွန်ပိဿာ ၁၀၀၀ ထွက်တဲ့ အခင်း ကုန်ကျစရိတ် သုံးသိန်းရှိတယ်ဆိုရင် တစ်ပိဿာအရင်း ၃၀၀ ကျပ်ပဲ။ ဖော်စတုန်းက ပိဿာ ၁၀၀၀ ရှိတဲ့ ကြက်သွန်က ချက်ချင်း မရောင်းရလို့ ကြာသွားရင် အလေးချိန် လျော့သွားတယ်။ ပြန်ချိန်တဲ့ အချိန် ပိဿာ ၈၀၀ လောက်ပဲ ရှိတော့တာ။ မရောင်းရလေ အရင်းတက်လာပြီး ပိုရှုံးလေပဲ” ဟု ပေါက်မြို့နယ်မှ တောင်သူ ဦးထွန်းကြည်က ပြောပါတယ်။
နိုင်ငံခြားဝယ်လက်အပေါ် မှီခိုနေသည့် ကြက်သွန်စျေးကွက်
ပြည်တွင်းက ထွက်ရှိတဲ့ ကြက်သွန်ပမာဏဟာ ပြည်တွင်းစားသုံးမှုထက် အများကြီးပိုလျှံပါတယ်။ ဒါကြောင့် နိုင်ငံခြားက မဝယ်ရင် ကြက်သွန်က မကုန်သလို စျေးလည်း မရရှာပါဘူး။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်ဝယ်လက်များ ဝယ်ပြီဆိုရင် ကြက်သွန်စျေးက မတက်ဘူး ဆိုရင်တောင် မကျနိုင်ပါဘူး။ တရုတ်ဝယ်လက်၊ မြဝတီဝယ်လက်တွေနဲ့ ဆုံချိန်ဆိုရင် ကြက်သွန်စျေး အလွန်ကောင်းပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကဆိုရင် ပြည်တွင်း ပြည်ပ ဝယ်လက်စုံတာကြောင့် ကြက်သွန်စျေးဟာ တစ်ပိဿာ ၃၀၀၀ ကျပ်အထိ ရောက်ရှိပြီး တောင်သူများ အဆင်ပြေခဲ့ပါတယ်။
နိုင်ငံခြားဝယ်လက်က ပုံမှန်ရှိသလားဆိုရင် မရှိပါဘူး။ သူတို့ ဝယ်ပြီဆိုရင် စျေးတက်မယ်။ ဝယ်နိုင်လောက်တဲ့ အနေအထားရှိရင် တက်စျေးမျှော်ပြီး လှောင်မယ် သိမ်းထားမယ် စသည်ဖြင့် အတွေးနဲ့ တွက်ဆပြီး လုပ်ကြရတာ။ နိုင်ငံခြားဝယ်တဲ့နှစ် အမြတ်ခံစား၊ မဝယ်လို့ စျေးကျတဲ့နှစ် အရှုံးခံစားနဲ့ တောင်သူက ကံစမ်းလုပ်နေရတာပါ။ ကြက်သွန်စိုက်တောင်သူတွေ အဆင်ပြေဖို့ဆိုရင် ခိုင်မာတဲ့ စျေးကွက်နဲ့ တည်ငြိမ်မှု အတိုင်းအတာ တစ်ရပ်အထိရှိတဲ့ စျေးကွက်တွေ ရှာဖွေဖို့ လိုပါတယ်။
“ ကြက်သွန်က ခုရက်ပိုင်းမှာ တစ်နေ့ကို ပိဿာချိန် တစ်သိန်းကနေ သုံးသိန်းအထိ ဝင်တယ်။ ဒီလောက်များတဲ့ ပမာဏကို ပြည် တွင်းစားသုံးမှု တစ်ခုတည်းနဲ့ မကုန်ဘူး။ ဒိုင်ထဲဝင်လာသမျှ နိုင်အောင် မဝယ်နိုင်ဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကဆိုရင် ကုန်ဝင်ကများ အဝယ်က မနိုင်ဆိုတော့ တစ်ပိဿာ ၂၈၀ လောက်အထိကို ရောက်သွားတယ်။ အဲဒီနောက် ဘင်္ဂလားသမား ဝင်ဝယ်လို့ စျေးပြန်တက်လာတာ။ ခုရက်ပိုင်းဆိုရင် တစ်ပိဿာ ၄၅၀ လောက်အထိရှိတယ်။ ဒါတောင်ကုန်ဝင်များတုန်း ဘင်္ဂလားသမား ဝင်ဝယ်နေလို့ စျေးကျ မသွားတာ။ ကြက်သွန်အသစ်လည်း ပေါ်တော့မှာဆိုတော့ တောင်သူက လက်ကျန်အကုန် ရောင်းနေကြတာ” ဟု ကြက်သွန် ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
မကြာခင် ချောင်းကြက်သွန်ရောင်းဝယ်ရေး ရာသီကုန်ဆုံးပါတော့မယ်။ တစ်နှှစ်လုံး စျေးကွက်နဲ့ ယှဉ်ရင် တောင်သူအရင်းရဖို့ပင် မလွယ်။ နှစ်နှစ်ဆက် အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာလို့ ပြောလို့ရပါတယ်။ မိုးကြက်သွန်သစ်တွေက ဒီဇင်ဘာလဆိုရင် ပခုက္ကူစျေးကွက်ထဲ ရောက်ပါပြီ။ ကြက်သွန်စိုက် တောင်သူများအဆင်ပြေဖို့အတွက် ခိုင်မာတဲ့ စျေးကွက်နဲ့ သတင်းအချက်အလက်အမှန်တွေ ပေးနိုင်ဖို့ ဆောင်ရွက်ရပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ ကံစမ်းရတဲ့စျေးကွက်ပဲ ဆိုရင်တော့ မြတ်တစ်လှည့် ရှုံးတစ်ခါနဲ့ တိုးတက်ရန် မလွယ်ကူတာမို့ တောင်သူများ အဆင်ပြေဖို့ ခိုင်မာတဲ့ စျေးကွက်တစ်ခု မဖြစ်မနေ လိုအပ်နေပါပြီ။










