အကျပ်အတည်းများကြားမှာ ခိုးဆိုးလုယက်မှုတွေ ခေါင်းထောင်လာတဲ့ မန္တလေး

အကျပ်အတည်းများကြားမှာ ခိုးဆိုးလုယက်မှုတွေ ခေါင်းထောင်လာတဲ့ မန္တလေး
မန္တလေးမြို့အတွင်း ဓားဖြင့်ခုတ်၊ လုယက်ခံရသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ရွှေမဥ္ဖူ လူမှုကူညီရေးအသင်း/CJ)
မန္တလေးမြို့အတွင်း ဓားဖြင့်ခုတ်၊ လုယက်ခံရသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ရွှေမဥ္ဖူ လူမှုကူညီရေးအသင်း/CJ)
Published 5 December 2021
 မင်းသန့်၊ ဌေးလှအောင်

(၁)

ဆိုင်ကယ်စီးရင်း ဖုန်းမပြောကြပါနဲ့။ ဖုန်းကို နောက်ကနေ ဆွဲလုခံရတတ်ပါတယ်။ မိမိရဲ့ ခါးကြားမှာ ပိုက်ဆံအိတ်၊ ဖုန်းစတဲ့ တန်ဖိုးရှိ ပစ္စည်းတွေထိုးထားပြီး သွားလာတာမျိုး မပြုလုပ်ကြပါနဲ့။ နောက်ကနေ ဆွဲလုတာ ခံရတတ်သလို အခန့်မသင့်ပါက ဆိုင်ကယ်ပါလဲသွားပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်။ လူပြတ်တဲ့နေရာတွေမှာ ဆိုင်ကယ်မရပ်နားကြပါနဲ့။ ဖုန်းရပ်ပြီး မပြောကြပါနဲ့။ ဓားနဲ့အထိုးခံရပြီး ဆိုင်ကယ် အပါအဝင် ပါလာတဲ့ပစ္စည်းတွေပါ လုယက်တာ ခံရတတ်ပါတယ်။ အုပ်စုဖွဲ့ပြီး လုယက်မှု ကျူးလွန်နေကြသူတွေက ဆိုင်ကယ်တွေနဲ့ လှည့်ပတ်သွားလာပြီး ကျူးလွန်နေကြတာကြောင့် မိမိကိုယ်တိုင် အချိန်မရွေး သူတို့ရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။ အပြင်ထွက်သွားလာမယ် ဆိုရင်သတိထားကြပါ” ဆိုတဲ့ အချင်းချင်း သတိပေးမှုတွေက နေ့စဉ်လိုလို လူမှုကွန်ရက်စာမျက်နှာများထက်မှာ မြင်တွေ့လာနေရပါတယ်။

မန္တလေးမြို့မှာ ခိုးဆိုးလုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာနေပါတယ်။ ခိုးဆိုးလုယက်မှုအသံတွေ မကြားရတာကြာနေပြီဖြစ်တဲ့ မန္တလေးမြို့မှာ မကြာမီကာလက စပြီး ခပ်စိပ်စိပ် ကြားလာရပါတယ်။ လုယက်မှုကျူးလွန်သူတွေဟာ ညခင်းအချိန်မှာပဲ လုယက်တာ မဟုတ်တော့ဘဲ နံနက်အစောပိုင်း၊ နေ့ခင်းပိုင်းနဲ့ ညနေပိုင်းအချိန်တွေပါ လုယက်မှုတွေဆက်တိုက်ပြုလုပ်လာကြတာ တွေ့ရပါတယ်။ ခိုးဆိုးလုယက်မှုကျူးလွန်နေကြသူတွေဟာ ပစ္စည်းလုယက်ရုံ သက်သက်သာမဟုတ်ဘဲ လူကိုပါ အသက် အန္တရာယ်ရန်ပြုလာကြတာလည်း ဖြစ်ပါတယ်။

ယခင်က လုယက်မှုကျူးလွန်ကြသူတွေဟာ အမျိုးသမီးအများစုကို ဦးတည်ပြီးလုယက်မှုကျူးလွန်ကြပေမဲ့ လက်ရှိအချိန်မှာတော့ အမျိုးသမီး၊ အမျိုးသားမခွဲခြားဘဲ အသက်အန္တရာယ်ပြုတဲ့အထိ ခိုးဆိုးလုယက်မှုတွေ ကျူးလွန်လာနေကြခြင်း ဖြစ်ပါတယ်။ လတ်တလော လုယက်မှု ကျူးလွန်နေကြသူများထဲမှာ အများစုက အသက် ၂၀ ကျော်အရွယ်နဲ့ အသက် ၂၀ အောက်ဝန်းကျင် လူငယ်အများစုဖြစ်တယ်လို့ လုယက်မှုဖြစ်စဉ်တွေအရ သိရပါတယ်။ လုယက်မှုကျူးလွန်ရာမှာလည်း အများစုဟာ ဆိုင်ကယ်ကို အသုံးပြု လုယက်နေကြခြင်းဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့ ခိုးဆိုးလုယက်မှု ကျူးလွန်နေသူများမှာ လူ့အသက်အန္တရာယ်ကို သေစေနိုင်တဲ့ လက်နက်တွေဖြစ်တဲ့ တုတ်၊ ဓားတွေ ကိုင်ဆောင်ကာ လုယက်မှုကျုးလွန်နေကြတာလည်း ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာစဉ် ဓားခုတ်လုယက်ခံယူမှု၊ နေအိမ်အတွင်းရှိ ဆိုင်ကယ်များ ဖောက်ထွင်းခိုးယူခံရမှု၊ ပစ္စည်းများခိုးယူခံရမှုစတဲ့ လုယက်မှုဖြစ်စဉ်တွေဟာ ယခုကာလအတွင်းမှာ နိုင်ငံရေးသတင်းများ အကြားကြားဖြတ်ဝင်ရောက်နေရာ ယူထားတဲ့ သတင်းဆိုးတွေလည်း ဖြစ်နေပါတယ်။

စီးပွားရေးမပြေလည်မှုတွေနဲ့ စိတ်သောကရောက်နေကြရတဲ့ အများပြည်သူတို့အတွက် ခိုးဆိုးလုယက်မှုတွေကြောင့် တစ်ပူပေါ်နှစ်ပူဆင့်နေကြရပြန်ပါတယ်။ အပြင်ထွက်သွားလာရာမှာလည်း မလုံခြုံမှုများနဲ့အတူ သတိကပ်မောင်းနှင်သွားလာနေကြရပါတယ်။ မန္တလေးမြို့မှာ လတ်တလောဖြစ်ပွားနေတဲ့ ခိုးဆိုးလုယက်မှုတွေကို ဆက်ပြီးလေ့လာကြည့်ရအောင်ပါ။

(၂)

“ တောမီးလောင်တော့ တောကြောင်တွေ လက်ခမောင်းခတ်ကြတာပေါ့။ အခုရက်ပိုင်းအတွင်း ခိုးဆိုးလုယက်မှုတွေ မကြာခဏဖြစ်နေတယ်။ ပြည်သူတွေအများစုကလည်း စီးပွားရေးက အရင်လို သိပ်ပြီးတော့ အဆင်ပြေတော့တာ မဟုတ်ဘူး။ အပြင်ထွက်သွားလာမယ်ဆိုရင် ခိုးဆိုးလုယက်တွေကို သတိထားနေရတာဆိုတော့ မလုံခြုံဘူးလို့ ခံစားနေရတယ်” လို့ မန္တလေးမြို့ခံတစ်ဦးက ဖွင့်ဟစကားဆိုပါတယ်။

မန္တလေးမြို့မှာ နိုဝင်ဘာလအတွင်း ခိုးဆိုးလုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေခဲ့ပါတယ်။ နိုဝင်ဘာ ၁၄ ရက်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းက နေအိမ်တစ်အိမ်ကို ညပိုင်းအချိန်မှာ သံပန်းတံခါးတွေဖျက်ဆီးပြီး တန်ဖိုးကြီးဆိုင်ကယ်ဖြစ်တဲ့ ယိုးဒယား ကလစ်ဘီးတစ်စီးနဲ့ တရုတ်ထုတ် ဆိုင်ကယ်တစ်စီး ခိုးယူခံခဲ့ရတယ်လို့ ပိုင်ရှင်ဖြစ်သူက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ အများပြည်သူသတိထားနိုင်ဖို့ရာ အသိပေးရေးသားထားပါတယ်။

ဒါ့အပြင် အလုပ်ကနေ လစာထုတ် ပြန်လာတဲ့သူတစ်ဦးကလည်း “ ညနေ ၅ နာရီကျော်လောက်မှာ အလုပ်ကနေ လစာထုတ်ပြီးပြန်လာတာ။ အဆောင်ကိုပြန်မယ့်လမ်းမှာ တားပြီးတော့ ရိုက်အလုခံလိုက်ရတာ။ အကုန်ပါသွားတယ်။ မန္တလေးမှာ ခိုးဆိုးလုနှိုက်တွေ အတော်သောင်းကျန်းနေတယ်။ အခုလိုကာလက ဘယ်သူ့ကို သွားတိုင်လို့ တိုင်ရမှာလဲ မသိတော့ဘူး” လို့ လုယက်ခံရသူတစ်ဦးက သူကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်။

ဆက်လက်ပြီး နိုဝင်ဘာ ၂၀ ရက်ည ၇ နာရီခွဲခန့်က ပြည်ကြီးတံခွန်မြို့နယ် ၆၁ လမ်းနဲ့ ၁၂၇ လမ်းမှာ အသက် ၄၅ နှစ်အရွယ်ခန့်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ယိုးဒယားက လစ်ဆိုင်ကယ်နဲ့ တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်နေချိန်မှာ အမည်မသိ လူခြောက်ယောက်က ဆိုင်ကယ်နှစ်စီးနဲ့ လာရောက်လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလုယက်မှုဖြစ်စဉ်မှာ လာရောက်လုယက်ကြတဲ့ ဆိုင်ကယ်နှစ်စီးနဲ့ လူခြောက်ဦးဟာ ဓားတွေ ကိုင်ဆောင်ထားပြီး ကလစ်ဆိုင်ကယ်မောင်းသူကို ဓားတွေနဲ့ဝိုင်းခုတ်ပြီး လုယက်ခဲ့တာဖြစ်ပါတယ်။ လုယက်မှုဖြစ်ပွားနေချိန်မှာ အနီးမှာရှိတဲ့ ရပ်ကွက်နေပြည်သူတွေက ၀ိုင်းဝန်းကူညီခဲ့တာကြောင့် ဆိုင်ကယ်လုယက်ခံရသူမှာ အသက်မသေခဲ့ဘဲ ဒဏ်ရာရရှိခဲ့ပါတယ်။ ယိုးဒယား ကလစ်ဆိုင်ကယ်ကတော့ ခိုးဆိုး လုယက်သူတွေ ယူဆောင်သွားခဲ့ပြီး ခိုးဆိုးလုယက်သူတွေ စီးလာတဲ့ ဆိုင်ကယ်အစုတ်တစ်စီးနဲ့ ဓားတစ်ချောင်း ကျန်ရစ်ခဲ့ပါတယ်။ ဓားတွေနဲ့ ၀ိုင်းခုတ်ပြီး ဆိုင်ကယ်လုယက်ခံရလို့ ဒဏ်ရာရရှိသွားခဲ့တဲ့ အမျိုးသားကိုတော့ ရွှေမဥ္ဖူလူမှုကူညီရေးအသင်းက အရေးပေါ် Medical Cover လုပ်ပေးခဲ့ရပါတယ်။

မန္တလေးမြို့အပါအဝင် အနီးဝန်းကျင်ဒေသတွေမှာလည်း ခိုးဆိုး လုယက်မှုတွေ ဖြစ်ပွားလာပါတယ်။ ကျူးလွန်သူအများစုဟာ အုပ်စုဖွဲ့ ကျူးလွန်ကြသလို သူတို့ လုယက်ရမယ့် သူရဲ့အခြေအနေကိုကြည့်ပြီး လူအနည်းငယ်နဲ့ လုယက်မှု ကျူးလွန်ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွေနဲ့အတူ အကျပ်အတည်းကာလအတွင်း ကျရောက်နေတာကြောင့် ပစ္စည်းခိုးယူခံရသူ၊ လုယက်ခံရသူတွေအနေနဲ့ စိုးရိမ်မှုတွေနဲ့အတူ အခြားသော အကြောင်းအရာတွေကြောင့် သက်ဆိုင်ရာကို သွားရောက်တိုင်ကြားမှုတွေ မပြုလုပ်ကြတော့တာ အများအပြားပါ။ ခပ်စိပ်စိပ်ဖြစ်ပွားလာတဲ့ ရိုက်နှက်လုယက်၊ ဓားခုတ်လုယက် ခိုးယူမှုတွေ ဖြစ်ပွားမှုပြန်များလာခြင်းမှာ မကြာသေးခင်က အကျဉ်းထောင်အသီးသီးက လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာ ရာဇဝတ်မှုဖြစ်တဲ့ ခိုးဆိုးလုယက်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေပါ ပြန်လည်လွတ်မြောက်လာခဲ့တာကလည်း အခုလို ပြစ်မှုတွေပြန်လည် ဖြစ်ပွားလာဖို့အတွက် အဓိက ပါဝင်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပြန်ပါတယ်။

(၃)

မန္တလေးမြို့မှာ ခိုးဆိုးလုယက်မှု ကျူးလွန်သူတွေဟာ လမ်းမပေါ်တွေသာမကဘဲ နေအိမ်တွေအထိပါ ဝင်ရောက်ခိုးဆိုးလုယက်မှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။ လတ်တလောလုယက်မှုဖြစ်စဉ်တွေအရ လုယက်မှုကျူးလွန်ကြသူတွေက လူငယ်အများစုဖြစ်နေကြပါတယ်။ အချို့လုယက်မှုဖြစ်စဉ်တွေမှာ ပြည်သူလူထုက ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာမှာ လူငယ်တွေဟာ မူးယစ်ဆေးဝါးသုံး စွဲထားတာတွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လုယက်မှုဖြစ်စဉ်တွေမှာ လူငယ်အချို့ဟာ မူးယစ်ဆေးဝါးသုံးစွဲထားပြီး ဂိုဏ်းအဖွဲ့ဆန်ဆန် လုယက်မှုတွေ ကျူးလွန်လာကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

“ ဓားနဲ့ခုတ်ပြီးလုယက်မှုဖြစ်လို့ ထိခိုက်ဒဏ်ရာရာတာတွေကို ကျွန်တော်တို့အသင်းအနေနဲ့ Medical Cover ပြုလုပ်ပေးခဲ့ရတာတွေ ရှိပါတယ်။ လတ်တလောကာလအတွင်းမှာ အချင်းချင်း ဓားနဲ့ ခုတ်မှု၊ ဓားခုတ်လုယက်မှုတွေအပါအဝင် လမ်းကြောင်း ၁၅ ခုထက်မနည်း ကူညီပေးခဲ့ရပါတယ်။ ဓားနဲ့ခုတ်ပြီး လုယက်မှုဖြစ်စဉ်အချို့မှာဆိုရင် အများစုက လူငယ်လေးတွေပေါ့။ အသက်မပြည့်သေးတဲ့ လူငယ်လေးတွေလည်း ပါတာတွေ့ရတယ်။ လူငယ်လေးတွေက မူးယစ်ဆေးသုံးထားပြီး အုပ်စုဖွဲ့ပြီး ဂိုဏ်းအဖွဲ့ဆန်ဆန်ကျူးလွန်နေကြတာလို့ ပြောရမှာပေါ့။ ဓားနဲ့ခုတ်ပြီး လုယက်တာတွေ လုပ်ကြတယ်။ ဒီလထဲမှာပဲ ပြည်ကြီးတံခွန်ဘက်မှာ ကလစ်ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို ဆိုင်ကယ်နှစ်စီးနဲ့ လူခြောက်ယောက်က ဓားနဲ့ဝိုင်းခုတ်ပြီး လုယက်သွားလို့ Medical Cover ပြုလုပ်ပေးခဲ့ရတယ်” လို့ ရွှေမဥ္ဖူ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဆိုင်ကယ်လုယက်ခံရမှုဖြစ်စဉ်အချို့မှာ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာပဲ မန္တလေးမြို့က နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို လူခြောက်ဦးက အုပ်စုဖွဲ့ပြီး ၀ိုင်းဝန်းရိုက်နှက်ပြီး လုယက်ခဲ့တာကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုကူညီရေးလုပ်ဆောင်ပေးခဲ့ရသူတစ်ဦးက “ သူက လမ်းထိပ်ကို မုန့်ထွက်ဝယ်တာ။ အိမ်နားပြန်ရောက်ခါနီးမှာ လူနှစ်ယောက်က ဆိုင်ကယ်လုတာကို ပြန်ခုခံနေရင်း နောက်ထပ်လေးယောက်ထပ် ရောက်လာပြီး ရိုက်နှက်ကြလို့ အသက်ပါ ဆုံးရှုံးလိုက်ရတယ်။ အခုဖြစ်နေတဲ့အခြေနေတွေက စိတ်မကောင်းစရာတွေချည်းပါပဲ။ မန္တလေး ၅၃ လမ်းဘက်ဆို နေ့တိုင်းလိုလို လုယက်မှုတွေဖြစ်နေတာ” လို့  ပြောပြပါတယ်။

လတ်တလော မန္တလေးခရိုင်အတွင်း ခိုးဆိုးလုယက်မှုဖြစ်စဉ်တွေမှာ ဆိုင်ကယ်အများစု လုယက်ခံ နေရတာဖြစ်ပြီး တန်ဖိုးကြီးဆိုင်ကယ်တွေဖြစ်တဲ့ Honda အမျိုးအစား မော်တော်ဆိုင်ကယ်တွေကို အများဆုံးလုယက်ခံနေရတာဖြစ်ပါတယ်။ တန်ဖိုးကြီးဆိုင်ကယ်တွေ လုယက်ခံရသလို အခြားဆိုင်ကယ် အမျိုးအစားတွေလည်း ခိုးဆိုးလုယက်ခံရပါတယ်။ ခိုးဆိုးလုယက်သူတွေဟာ ဆိုင်ကယ်အပြင် ဆိုင်ကယ် စီးနင်းလာသူနဲ့အတူပါလာတဲ့ ပိုက်ဆံအိတ်၊ ဖုန်း စတဲ့ ပစ္စည်းတွေကိုပါ ဆိုင်ကယ်နဲ့အတူ လုယက်မှု ကျူးလွန်နေကြတာဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ခိုးဆိုးလုယက်သူတွေဟာ ဆိုင်ကယ်နဲ့အခြားပစ္စည်း အပါအဝင် လုယက်နေချိန်အတွင်းမှာ လုယက်ခံရတဲ့သူကို ဓားနဲ့ခုတ်သတ်တဲ့အထိ အသက်အန္တရာယ်ကိုပါ ရန်ပြုတိုက်ခိုက်နေကြတာပါ။

မန္တလေးမြို့မှာ ဓားခုတ်လုယက်မှု ဖြစ်စဉ်တွေက ခပ်စိပ်စိပ်ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်မှာပဲ မန္တလေးမြို့လယ်ကောင်မှာရှိတဲ့ ဆရာဝန်တစ်ဦးရဲ့နေအိမ်ကို နေ့ခင်းကြောင်တောင် ဓားနဲ့ထိုးပြီး ပစ္စည်းလု အနုကြမ်းစီးမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးဆေး တက္ကသိုလ်အနီးမှာရှိတဲ့ ဆရာဝန်တစ်ဦး နေထိုင်တဲ့နေအိမ်ကို ဒီဇင်ဘာ ၁ ရက် နံနက် ၁၁ နာရီခွဲခန့်မှာ တပည့်ဖြစ်သူက ဆရာဝန်ဖြစ်သူကို ဓားနဲ့ထိုးပစ္စည်းလုယူပြီး အနုကြမ်းစီးမှုဖြစ်စဉ်က မန္တလေးမြို့ခံတွေအကြားမှာ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ဆရာဝန်ဖြစ်သူက ပတ်ဝန်းကျင်ကို အော်ဟစ်အကူညီ တောင်းခံတာကြောင့် ဓားထိုးလုယက်မှုကျူးလွန်သူဟာ ထွက်ပြေးခဲ့ပြီးနောက် အနီးရှိပြည်သူတွေက ၀ိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဆရာဝန်ဖြစ်သူကတော့ ဓားဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လုယက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ခိုးဆိုးလုယက်နေသူတွေကို အမျိုးအစားခွဲခြားကြည့်ရာမှာ (၁) ပစ္စည်းခိုးယူမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုများကို အသက်မွေးဝမ်းကျောင်းအဖြစ် အမြဲတမ်းလုပ်ကိုင်နေသူများ၊ (၂) စားဝတ်နေရေး အဆင်မပြေသဖြင့် ခိုးခြင်း၊ လုယက်ခြင်းနှင့် ခါးပိုက်နှိုက်ခြင်း၊ (၃) အလုပ်အကိုင်ရှိသော်လည်း ရသည့်ဝင်ငွေဖြင့်မလုံလောက်သဖြင့် ခိုးယူခြင်း၊ (၄) အလုပ်အကိုင်မရှိ ဝင်ငွေမရှိဘဲ အပျော်အပါးနှင့် အသောက်အစားအတွက် ခိုးဆိုးလုယက်ခြင်း၊ (၅) မူးယစ်ဆေးဝါး သုံးစွဲရန်အတွက် ခိုးဆိုးလုယက်ခြင်းစတဲ့ ခိုးဆိုးလုယက်သူတွေနဲ့ပတ်သက်ပြီး အနည်းဆုံး အမျိုးအစားငါးမျိုးခန့် စစ်ဆေးတွေ့ရှိရတယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှာ ၂၀၁၉ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရဲတပ်ဖွဲ့ရဲ့ အကြီးတန်းအရာရှိတစ်ဦးက ရှင်းလင်းပြောဆိုခဲ့ဖူးပါတယ်။

ထိုစဉ်ကာလက မန္တလေးမြို့မှာ ဓားခုတ်လုယက်မှုဖြစ်စဉ်တွေ အများအပြားဖြစ်ပွားခဲ့တာကြောင့် အစိုးရနဲ့ ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုတွေ များစွာဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ယခင်က ခိုးဆိုးလုယက်နေသူတွေနဲ့ပတ်သက်ပြီး အမျိုးအစားငါးမျိုးခန့် စစ်ဆေးတွေ့ရှိရတယ်လို့ ရဲတပ်ဖွဲ့ဘက်က သုံးသပ်ခွဲခြားပြသထားပေမဲ့ လက်ရှိကာလမှာတော့ နိုင်ငံရေးအပြောင်းအလဲနဲ့အတူ စီးပွားရေးအခက်အခဲအကျပ်အတည်းတွေ ကိုဗစ်ကပ်ရောဂါဒဏ်ကြောင့် အခက်အခဲအကျပ်အတည်းတွေ ဖြစ်ပေါ်နေတာကြောင့် ခိုးဆိုးလုယက်သူ အမျိုးအစားဟာ ပိုမိုများပြားလာနိုင်ဖွယ်ရာရှိနေပါတယ်။ လတ်တလောမှာတော့ မန္တလေးမြို့မှာ ဓားခုတ်လုယက်မှုဖြစ်စဉ်တွေက ခေါင်းထောင်ပြီး စိန်ခေါ်လျက်ရှိနေပါတယ်။

(၄)

မန္တလေးမြို့အတွင်း ခိုးဆိုးလုယက်နေကြသူများဟာ ဆိုင်ကယ်ကို အများဆုံးအသုံးပြုပြီး လုယက်မှုတွေ ကျူးလွန်နေကြတာကို တွေ့ရပါတယ်။ လုယက်မှု ကျူးလွန်နေကြသူများဟာ မန္တလေးမြို့လမ်းမတွေပေါ်မှာ ဆိုင်ကယ်စီးနင်းပြီး သွားလာနေကြတဲ့ပြည်သူတွေကို အဓိကထားပြီး ရိုက်နှက်လုယက်တာ၊ ဓားခုတ်လုယက်တာတွေ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ လတ်တလောမှာ မန္တလေးမြို့အတွင်း ဆိုင်ကယ်တွေနဲ့ လုယက်မှုတွေကျူးလွန်နေကြသလို တစ်ဖက်မှာလည်း သက်ဆိုင်ရာက အဖွဲ့အစည်းအစုံနဲ့ မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေကို သတ်မှတ်စည်းကမ်းချက်တွေနဲ့ ညီမညီ စစ်ဆေးအရေးယူမှုတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။

မန္တလေးမြို့မှာ နိုဝင်ဘာ ၂၀ ရက်က စတင်ပြီး မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေကို အဖွဲ့အစည်းစုံပါဝင်တဲ့အဖွဲ့တွေက နေ့စဉ်လိုလို သတ်မှတ်စည်းကမ်းချက်တွေနဲ့ညီ မညီ စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီက သတိပေးကြေညာချက်နှစ်စောင် ထုတ်ပြန်ကြေညာထားတာ တွေ့ရပါတယ်။

တရားဝင်မှတ်ပုံတင်ထားခြင်း မရှိတဲ့ လိုင်စင်မဲ့ယာဉ်တွေကို သိုလှောင်ရောင်းဝယ်ခြင်း၊ Show Room တွေနဲ့ ကားပွဲစားတန်း၊ ဆိုင်ကယ်ပွဲစားတန်းများမှာ တရားဝင် တင်သွင်းထားတဲ့ ယာဉ်တွေနဲ့အတူ ရောနှောရောင်းချခြင်း၊ တရားဝင် မှတ်ပုံတင်ထားတဲ့ ယာဉ်များရဲ့ နံပါတ်ပြားကို တပ်ဆင်အသုံးပြုတာ တရားဝင်မှတ်ပုံတင်ထားတဲ့ယာဉ်နဲ့ အသွင်တူ အသွေးတူပြီး ပုံတူပွား အသုံးပြုခြင်း၊ နိုင်ငံတော်က တရားဝင်ထုတ်ပေးထားသော ယာဉ်လိုင်စင်မှတ်ပုံတင်အဝိုင်း၊ စာအုပ်များကို အတုအပပြုလုပ်ပြီး လိုင်စင်မဲ့ ယာဉ်ရောင်းချခြင်း၊ မော်တော်ဆိုင်ကယ်အမျိုးမျိုးကို နယ်စပ်မှာ Custom Duty ဆောင်ခဲ့ပြီး မိမိဒေသရှိ ကညနရုံးမှာ မှတ်ပုံတင် မပြုလုပ်ဘဲ စီးနင်းအသုံးပြုခြင်းများ မပြုလုပ်ရန်နှင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်လို့ ထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီး မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်များ မောင်းနှင်အသုံးပြုရာမှာ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်များ ပါရှိရမှာဖြစ်ပြီး မော်တော်ယာဉ် စီးနင်းအသုံးပြုရာမှာ ယာဉ်မောင်းနဲ့ ယာဉ်ပေါ်ပါသူများ ထိုင်ခုံခါးပတ် တပ်ဆင်မောင်းနင်စီးနင်းရန်၊ မော်တော်ဆိုင်ကယ်စီးနင်းရာမှာ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပြီး မေးသိုင်းကြိုးတပ်ဆင်ရန်၊ ယာဉ်ကိုအသုံးပြု မောင်းနှင်ရာမှာ ယာဉ်နံပါတ်ပြားများ မတပ်ဆင်ဘဲ သို့မဟုတ် မထင်ရှားဘဲ မမောင်းနှင်ရန်၊ မော်တော်ယာဉ်နှင့်ဆိုင်ကယ်များအနေဖြင့် အိတ်ဇောစက်သံများ ဆူညံစွာ မမောင်းရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် နှစ်ဦးထက်ပိုမို စီးနင်းခြင်းမပြုရန်နှင့် စည်းကမ်း ချိုးဖောက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းဒေသကြီး ယာဉ် အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အပြင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးက နိုဝင်ဘာ ၁၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားတဲ့ ထုတ်ပြန်ချက်ကလည်း လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံံ့ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိတွင် အကြမ်းဖက်သောင်းကျန်းသူများက အပြစ်မဲ့ပြည်သူများ၊ နိုင်ငံဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်နေသူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများနဲ့ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များကို လက်လုပ်မိုင်းများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် ပြစ်မှုကျူးလွန်သူများသည် အများအားဖြင့် မော်တော်ဆိုင်ကယ်ကို အမျိုးသားနှစ်ဦး စီးနင်း၍ ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုကဲ့သို့ ဖြစ်ပွားနေခြင်းကြောင့် အများပြည်သူ၏ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကိစ္စများအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှာ ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦး မစီးရ၊ အမျိုးသမီးတစ်ဦးနောက်တွင် အမျိုးသားတစ်ဦး လိုက်ပါစီးနင်းခြင်း မပြုရ၊ အမျိုးသားတစ်ဦးနောက်တွင် အမျိုးသမီးတစ်ဦးလိုက်ပါ စီးနင်းနိုင်၊ အမျိုးသမီးနှစ်ဦး စီးနင်းနိုင်တယ်လို့ ထုတ်ပြန်ထားပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ချက်တစ်စောင် ပျံ့နှံ့ခဲ့ပါတယ်။

လက်ရှိမှာ မန္တလေးမြို့အတွင်းရှိ နေရာအနှံ့မှာ သက်ဆိုင်ရာက အဖွဲ့အစည်းအစုံနဲ့ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တွေကို နေ့စဉ်လိုလို စစ်ဆေးအရေးယူ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ အဖွဲ့အစည်းအစုံနဲ့ စစ်ဆေးအရေးယူရာမှာ သတ်မှတ်စည်းကမ်းချက်နဲ့ မပြည့်စုံပါက ချက်ချင်းဒဏ်ငွေ ပေးဆောင်စေပြီး ပေးဆောင်နိုင်ခြင်း မရှိပါက မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ကို သိမ်းဆည်း အရေးယူမှုတွေလည်း ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ သက်ဆိုင်ရာရဲ့ စစ်ဆေးအရေးယူနေမှုတွေနဲ့ ပတ်သက်ပြီး ဒဏ်ငွေပေးဆောင်ခဲ့ရသူတွေကြားမှာ အမြင်အမျိုးမျိုးနဲ့ ဝေဖန်နေမှုတွေလည်း ထွက်ပေါ်လျက်ရှိပါတယ်။

မန္တလေးမြို့အတွင်း သက်ဆိုင်ရာက အဖွဲ့အစည်းအစုံအလင်နဲ့ မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေကို စစ်ဆေးအရေးယူမှုတွေ စတင်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာတော့ သက်ဆိုင်ရာ ကညနရုံးတွေမှာ လိုင်စင်သက်တမ်းတိုးသူ၊ လိုင်စင်အသစ်ပြုလုပ်သူစတဲ့ မော်တော်ယာဉ်နဲ့သက်ဆိုင်တဲ့ ရုံးပိုင်းဆိုင်ရာလုပ်ငန်းတွေ လာရောက်လုပ်ဆောင်တဲ့သူတွေ များပြားလာတယ်လို့လည်း စုံစမ်းသိရပါတယ်။

(၅)

မန္တလေးမြို့မှာ သက်ဆိုင်ရာက အဖွဲ့အစည်းအစုံအလင်နဲ့ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးစစ်ဆေးနေပေမဲ့ ဆိုင်ကယ်နဲ့ လုယက်မှုတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လတ်တလောမှာ မန္တလေးမြို့အတွင်း အဖွဲ့အစည်းစုံနဲ့ စစ်ဆေးနေမှုမှာလည်း မော်တော်ဆိုင်ကယ်တွေကိုပဲ အဓိကဦးစားပေးပြီး စစ်ဆေးနေတယ်လို့လည်း မြို့ခံတွေထံက စုံစမ်းသိရပါတယ်။ ဆိုင်ကယ်နဲ့ လုယက်မှုကျူးလွန်သူတွေကလည်း စစ်ဆေးရေးအဖွဲ့ရှိတဲ့နေရာကို ရှောင်ကွင်းပြီး အခြားနေရာတွေမှာ လုယက်မှုတွေပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ဖြစ်ပွားနေတဲ့ ခိုးဆိုးလုယက်မှုတွေကို သက်ဆိုင်ရာအနေနဲ့ ထိရောက်တဲ့ ဖော်ထုတ်ဖမ်းဆီးရမိမှုကလည်း အားနည်းနေဆဲဖြစ်ပါတယ်။ မြို့ခံများအနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုများနဲ့အတူ ခိုးဆိုးလုယက်မှုတွေပါ ပိုမိုများပြားလာတာကြောင့် မလုံခြုံမှုဆိုတဲ့ စိတ်ဒဏ်ရာတွေ ခံစားနေကြရပါတယ်။ ခပ်စိပ်စိပ်ဖြစ်ပွားလာနေတဲ့ ခိုးဆိုးလုယက်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအနေနဲ့ အချိန်မီထိန်းချုပ်တားဆီးပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။

“ မန္တလေးမြို့ထဲမှာ သွားလာနေတဲ့ဆိုင်ကယ်တွေကို အဖွဲ့အစည်းစုံနဲ့ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာတွေက ဒုစရိုက်မှုလုပ်ဆောင်နေသူတွေအပေါ် သက်ရောက်မှုထက် ပြည်သူလူထုအပေါ်မှာပဲ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်။ ယောက်ျားလေးနှစ်ယောက် ဆိုင်ကယ်အတူမစီးရဆိုတဲ့ သတ်မှတ်ချက်မျိုးကလည်း ကြားရတာ ရယ်စရာကြီးပေါ့ဗျာ။ မဖြစ်မနေသွားရမယ့်သူတွေ၊ လုပ်ငန်းခွင်ကို နေ့စဉ်သွားနေရတဲ့ လက်လုပ်လက်စားသမားတွေ အားလုံးအခက်အခဲတွေ ဖြစ်ကုန်ပြီး ပိုပြီးတော့ ကျပ်တည်းလာကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခွန်တွေပေးဆောင်ပြီး တရားဝင်စီးနင်းမောင်းနှင်နေကြတဲ့ ပြည်သူတွေကို သက်တမ်းတိုးဆောင်ရွက်ဖို့ အခက်အခဲဖြစ်နေတဲ့ကာလမှာ ဘက်ပေါင်းစုံအဖွဲ့ပေါင်းစုံနဲ့ ဒဏ်ကြေးတွေ ကောက်ခံစစ်ဆေးနေပေမဲ့ အခိုးခံလိုက်ရတဲ့ဆိုင်ကယ်တွေက တရားမဝင် ဝယ်ရောင်းစျေးကွက်ကြီးတွေထဲမှာ တွင်တွင်ကျယ်ကျယ် ဖြစ်နေတာတော့ မဖြစ်သင့်ဘူးပေါ့” လို့ ဆိုင်ကယ်ဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။

မန္တလေးမြို့အတွင်း ခိုးဆိုးလုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာ နေတာနဲ့ပတ်သက်ပြီး အဖွဲ့အစည်း တစ်ခုကလည်း ကြေညာချက်တစ်စောင်ထုတ်ပြန်ထားပြီး လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး မန္တလေးမြို့အတွင်း ခိုးမှု၊ လုယက်မှုများနှင့် လက်နက်ဖြင့်ခြိမ်းခြောက်ခြင်းများ ပေါများလာနေကြောင်း၊ ခိုးဆိုးလုယက်နေသူများအနေဖြင့် ပြည်သူများအား ဒုက္ခပေးနေမှုများကို ရပ်တန်းက မရပ်ပါက ခွင့်လွှတ်မည်မဟုတ်ဘဲ အရေးယူဆောင်ရွက်သွားမယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားတာ တွေ့ရပါတယ်။

(၆)

မန္တလေးမြို့နည်းတူ ဒေသချင်း ထိစပ်လျက်ရှိတဲ့ စစ်ကိုင်းမြို့မှာလည်း ယခင်က မဖြစ်ပေါ်ဖူး၊ မကြားဖူးတဲ့ အနုကြမ်းစီး ဓားပြတိုက်မှုဖြစ်စဉ်များ၊ အုပ်စုဖွဲ့ဖောက်ထွင်းခိုးမှုများနဲ့ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဆိုင်ကယ်ခိုးခံရမှုတွေလည်း နေ့စဉ်နဲ့အမျှ မြင်တွေ့ကြားသိနေရတာဟာ စိတ်မချမ်းမြေ့စရာ ဖြစ်တယ်လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပြပါတယ်။

“ စစ်ကိုင်းမြို့ဆိုတာ မန္တလေး နဲ့ထိစပ်နေတယ်ဆိုပေမဲ့ လူစိမ်းတွေ မြင်ရခဲတဲ့မြို့ပါ။ အခုနောက်ပိုင်းမှာတော့ ဓားရှည်တွေကိုယ်စီနဲ့ လူအုပ်စုတစ်စုဟာ ညပိုင်းမှာ ပေါ်ပေါ်တင်တင် သွားလာနေကြပြီး နေအိမ်တွေကိုဖောက်ထွင်းဖို့ လုပ်နေတာ စီစီတီဗွီတွေကတစ်ဆင့် မြင်နေရတယ်။ အခုအပတ်ထဲမှာ တင်ပဲ ကျွန်တော်တို့လမ်းထိပ်က အိမ်နှစ်အိမ်မှာ နှစ်ညဆက်တိုက် ဖောက်ထွင်းခံလိုက်ရတယ်။ ဆိုင်ကယ်တွေ၊ လက်တော့တွေ၊ ပိုက်ဆံတွေ ပါသွားတယ်။ အုတ်တံတိုင်း သံဝင်းတံခါးကို ဖျက်ဆီးပြီးတော့ အိမ်ရှေ့မှာကားရပ်ပြီး ဆိုင်ကယ်တွေ တင်သွားတာလို့ သိရတာပဲ။ ဆိုင်ကယ်ခိုးခံရတဲ့ဖြစ်စဉ်တွေဆိုလည်း အမှုဖွင့်တိုင်ကြားလို့မရကြဘဲ ဒီအတိုင်း ထိုင်နေရတဲ့ ကာလကြီးတစ်ခုပါပဲ။ ကိုယ့်ပစ္စည်းခိုးယူခံရ လုယက်ခံရတာကို ဘာမှမလုပ်နိုင်တဲ့  အခြေအနေဆိုတော့အများစုကတော့ ကိုယ့်အချင်းချင်း သတိဝီရိယနဲ့ နေကြဖို့သွားကြလာကြဖို့ပဲ သတိပေးနေကြရတော့တယ်” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပြပါတယ်။

လက်ရှိ မန္တလေးမြို့မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကို အခွင့်ကောင်း ရယူပြီး ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ခိုးဆိုးလုယက်မှုကျူးလွန်သူ အများစုဟာ ဆိုင်ကယ်ကိုအသုံးပြုပြီး အုပ်စုဖွဲ့ ဓားခုတ်လုယက်တာ၊ ရိုက်နှက်လုယက်တာတွေ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ လတ်တလောမှာ ဆိုင်ကယ်နဲ့ အုပ်စုဖွဲ့ပြီး ဓားခုတ်လုယက်မှုတွေက အများဆုံးဖြစ်နေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။ နေ့စဉ်လို လုယက်မှုသတင်းတွေက မတည်ငြိမ် နိုင်သေးတဲ့ နိုင်ငံရေးသတင်းတွေ အကြားမှာ ကြားဖြတ်သတင်းအဖြစ် ဝင်ရောက်လာနေဆဲဖြစ်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေး ကျပ်တည်းမှုတွေနဲ့အတူ ခိုးဆိုးလုယက်မှုတွေက ခေါင်းထောင်လို့ လာနေပါတယ်။

“ တောမီးလောင်တောကြောင် လက်ခမောင်းခတ်” ဆိုတဲ့ မြန်မာ စကားပုံလို မန္တလေးမြို့ရဲ့ မတည်ငြိမ်နိုင်သေးတဲ့ နိုင်ငံရေးအခြေအနေအောက်မှာ ရာဇဝတ်မှုကို ခုံမင်တပ်မက်ကြသော ခိုးဆိုးလုယက်သူ အပေါင်းတို့က ခေါင်းထောင်ပြီး စိန်ခေါ်နေဆဲဖြစ်ပါတယ်။

Most Read

Most Recent