လှုပ်လှုပ်ရှားရှား အိုမီခရွန်သတင်းများ

လှုပ်လှုပ်ရှားရှား အိုမီခရွန်သတင်းများ
Photo : Money Control
Photo : Money Control
Published 3 December 2021
​​​​​​​မိုးဧအောင်

ကိုရိုနာဗိုင်းရပ်စ်တို့က မွေးဖွားပေးလိုက်သော ကိုဗစ်-၁၉ ကပ်ရောဂါကြီး ဤကမ္ဘာမြေကို မွှေနှောက်ခဲ့သည်မှာ နှစ်နှစ်ပြည့်လုနီးပါး ရှိခဲ့ပေပြီ။ ထိုအချိန်တွင် SARS-CoV-2 အုပ်စုဝင် ဗိုင်းရပ်စ်များမှာ မူလစတင်တွေ့ရှိခဲ့ သော အယ်လဖာမျိုးရိုးဗီဇမှသည် အိုမီခရွန်ခေါ် B.1.1.529 ထိ အဆင့်ဆင့် ဗီဇထွန်းလျက်ရှိနေသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂ ရက် ကြာသပတေးနေ့ မြန်မာစံတော်ချိန် နံနက် ၅ နာရီအထိ ကိုဗစ်-၁၉ နှင့်ပတ်သက်သော ကမ္ဘာတလွှားရှိ လှုပ်လှုပ်ရှားရှားအခြေအနေများကို စုစည်းတင်ပြလိုက်ပါသည်။

■ အမေရိက၏ ပထမဆုံး အိုမီခရွန်လူနာ

အမေရိကန်ပြည်ထောင်စု၌ အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်ခံထားရသော ပထမဆုံး လူနာ ကို ကယ်လီဖိုးနီးယား၌ တွေ့ရှိရကြောင်း အတည်ပြုလိုက်ပြီဖြစ်သည်။

ဆန်ဖရန်စစ္စကို ကိုဗစ်-၁၉ စမ်းသပ်မှု အစီအစဉ်က “ကိုဗစ်-၁၉ ဟု အတည်ပြုထားသော တို့ဖတ်နမူနာယူပြီး”နာရီ ၃၀ အကြာတွင် ဤသို့အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလူနာသည် နိုဝင်ဘာ ၂၂ ရက်နေ့က တောင်အာဖရိကသို့ တစ်ဦးတည်း ခရီးသွားခဲ့သူဖြစ်ကာ နိုဝင်ဘာ ၂၉ ရက်တွင် ကိုဗစ်-၁၉ ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ လူနာအနေနှင့် မိမိအစီအစဉ်နှင့် မိမိသီးခြား ခွဲ၍ နေထိုင်လျက်ရှိပြီး အနီးကပ် ထိတွေ့သူများကို စစ်ဆေးကြည့်ရာ ရောဂါပိုး မတွေ့ရပါ။

လူနာအနေနှင့် Moderna ကာကွယ်ဆေး နှစ်ကြိမ် (အကြိမ်ပြည့်) သေချာပေါက် ထိုးနှံမှုခံယူခဲ့ပြီး ရောဂါဒဏ်ခံစားရပုံမှာ ခပ်ပျော့ပျော့သာဖြစ်ကြောင်း အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲက ထုတ်ပြန်ပါသည်။

တနင်္လာနေ့တွင် သမ္မတ ဂျိုးဘိုင်ဒင်က “စိုးရိမ်ရတဲ့အခြေအနေပါ၊ ကြောက်စိတ်ကြီး စိုးပြီး မွှန်ရလောက်အောင်တော့ မဟုတ်ပါဘူး။ ခြိမ်းခြောက်လာတဲ့ ဒီအခြေအနေသစ် ကို ကျွန်တော်တို့ ရင်ဆိုင်ကြရမယ်”ဟု ပြောကြားခဲ့၏။ သို့သော် ယခု ပထမဆုံးလူနာတွေ့ရှိပြီးချိန်တွင် လေယာဉ်၊ ရထား၊ ဘတ်စ်ကား နှင့် ခရီးသည်ဝင်ထွက်ရာနေရာများတွင် မတ်လလယ်အထိ မလွဲမသွေနှာခေါင်းစည်းတပ် ဆင်ထားကြရန် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးအရာရှိများက လူထုအနေ နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကြရန်၊ အ ကြိမ်ရေပြည့်မီသူများအနေနှင့် တတိယအကြိမ် အားဖြည့်ထပ်တိုးကာကွယ်ဆေးထိုးရန်၊ နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ လူ အချင်းချင်း ခပ်ခွာခွာနေထိုင်ခြင်းနှင့် အခန်းအတွင်း လေဝင်လေထွက်ကောင်းအောင်ပြု လုပ်ခြင်းတို့က အိုမီခရွန်ကို ကာကွယ်နိုင်စွမ်း ရှိကြောင်း၊ ဒယ်လတာဗိုင်းရပ်စ်သည် အမေရိ ကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်လွှား၌ ကျန်ရှိနေဆဲဖြစ်ကြောင်း အလေးအနက်ထားပြောကြားခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာ တက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာပါရဂူ ဒေါက်တာ မိုက်ကယ်အော်စတာဟုမ်းက “ဒီတိုင်းပြည်ကလူတွေ သဘောမပေါက်တာက ဆေးနှစ်ကြိမ်ထိုးပြီးသွားတာ ခြောက်လ၊ ခု နစ်လရှိပြီး တတိယအကြိမ် “ထပ်ပိုး”(Booster) ထိုးမထားရင် ဆေးမထိုးဖူးတဲ့ တခြားလူလိုပဲ ရောဂါဒဏ်ခံရဖို့ ပြန်နီးစပ်သွားပုံကို မသိကြတာပဲ”ဟု CBS သတင်းဌာနသို့ ပြောကြားခဲ့ သည်။

“ဟောဒီ တိုင်းပြည်ထဲမှာ ကာကွယ်ဆေး ရှိပါလျက်၊ ထိုးဖို့ ဘောင်ဝင်ပါလျက်နဲ့ ဆေးထိုးမထားတဲ့သူ သန်း ၆၀ ရှိတယ်။ ကျွန်တော် တို့တတွေ သူတို့ကို ဆေးထိုးပေးကြပါစို့၊ တတိယအကြိမ်လည်း ထပ်ပိုးပြီး ထိုးကြပါ။ ကလေး တွေကိုလည်း ထိုးပေးဖို့ လုပ်ကြပါစို့”ဟု အမေရိကန်အမျိုးသားရောဂါထိန်းချုပ်မှုနှင့် ကာ ကွယ်ရေးစင်တာ (CDC) မှ ဒေါက်တာ အန်တိုနီ အက်စ်ဖော်စီက နှိုးဆော်ခဲ့ပါသည်။

■ ဥရောပနှင့် တောင်အာဖရိက ဘယ်သူ ပထမ

ဒတ်ချ်ကျန်းမာရေးအရာရှိများက လွန်ခဲ့သော ၁၁ ရက်ကပင် ရယူထားခဲ့သည့်နမူနာမှ အိုမီခရွန်ဗိုင်းရပ်စ် တွေ့ရှိရကြောင်း၊ ထိုသို့ ဗိုင်းရပ်စ်တွေ့ခဲ့ရသော နမူနာများကို နိုဝင်ဘာ ၁၉ ရက်မှ ၂၃ ရက်အတွင်း ယူခဲ့ ကြောင်း၊ ရက်အစဉ်အရပြန်ကြည့်သော်လွန် ခဲ့သော သောကြာနေ့က တောင်အာဖရိကမှ ပြန်လာသူများကို အမ်စတာဒမ်လေဆိပ်တွင် စစ်ဆေးတွေ့ ရှိရသည်ထက် စောနေကြောင်း၊ သို့သော် ယခုတွေ့ရှိရသည့် ရက်ပိုစောသော လူနာများမှာ တောင်အာဖရိကနှင့် အဆက် အစပ်ရှိ မရှိကို မူ ရှင်းရှင်းလင်းလင်း မသိရသေး ကြောင်း၊ တစ်ဦးချင်းစီက အိုမီခရွန်ဗိုင်းရပ်စ် တွေ့ရှိမှုကို သတင်းပို့ခဲ့ခြင်းဖြစ်ပြီး ဒေသန္တရ ကျန်းမာရေး ဌာနများအနေနှင့် ဆက်စပ်ခဲ့သူများကို သတင်းခြေရာခံနေပြီဖြစ်ကြောင်း၊ နယ်သာလန်ရှိ ကိုဗစ်-၁၉ တွေ့ရှိပြီး ယခင် နမူနာများကိုပါ ဗိုင်းရပ်စ်သရုပ်ခွဲနိုင်ရန် ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယမ်နှင့် ဂျာမနီတို့ကလည်း တောင်အာဖရိက ကျန်းမာရေးအရာရှိများက သတိပေးချက်ထုတ်ပြန်ခဲ့သော နိုဝင်ဘာ ၂၄ ရက်မတိုင်မီကပင် သူတို့နိုင်ငံအတွင်း ယူထားသောနမူနာများမှ အိုမီခရွန်ဗိုင်းရပ်စ်ကို တွေ့ရှိနေရကြောင်း ပြောကြားခဲ့ကြသည်။

■ တောင်အာဖရိက၏ ခံစားချက်

လွန်ခဲ့သောသီတင်းပတ်က တောင်အာဖရိက သိပ္ပံပညာရှင်များအနေနှင့် ဗိုင်းရပ်စ် အသစ် အိုမီခရွန်ကို စတင်ထောက်လှမ်းနိုင်ကြောင်း ကမ္ဘာသို့ အသိပေးခဲ့နိုင်၏။ ယခုအခါ  ကမ္ဘာပေါ်ရှိ တိုင်းပြည်ပေါင်း ၂၀ ကျော်ထိ ဤဗိုင်းရပ်စ်ပြန့်နှံ့သွားခဲ့ပြီး လူတစ်ဦးမှ အခြားတစ်ဦးသို့ လျင်မြန်စွာ ကူးစက်နိုင်စွမ်း မြင့်မားသည်မှာ သေချာပါသည်။ နိုင်ငံအများအပြားသည် အာဖရိကတိုက် တောင်ပိုင်းနိုင်ငံများမှ ရောက်ရှိလာသော ခရီးသည် များကို တားမြစ်ကန့်သတ် ပိတ်ပင်မှုများ ပြုခဲ့ကြသည်။

တောင်အာဖရိကမှ နိုင်ငံရေးသမားများ၊ သိပ္ပံပညာရှင်များက ကိုဗစ်-၁၉နှင့်ပတ်သက်သော သူတို့၏ အချိန်နှင့် တစ်ပြေးညီ တွေ့ရှိ သတင်းပို့ချက်အတွက် အပြစ်ပေးခံနေရသလို ခံစားမိကြကြောင်း၊ ထိုသို့ ဗိုင်းရပ်စ်အသစ် တွေ့ရှိချက်ကြောင့်သာ အခြားနိုင်ငံအသီးသီးအနေနှင့် အရေးယူတုံ့ပြန်မှုများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊  မိမိတို့ပြန်ရခဲ့သည်ကတော့ အာဖရိကတိုက် တောင်ပိုင်းနိုင်ငံများ၏ ခရီးအသွား အလာကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်ခံရခြင်းသာဖြစ်ကြောင်း ပြောကြသည်။

နိုဝင်ဘာလကုန်သည်အထိ အိုမီခရွန် သည် ယခင်ဗီဇထွန်းဗိုင်းရပ်စ်များကဲ့သို့ အပြင်းအထန် ဖျားနာစေခြင်း ရှင်းရှင်းလင်းလင်း မသိရသေးဘဲ WHO က အစောပိုင်းတွေ့ရှိရသော အထောက်အထားများအရ စိုးရိမ်ရမှု “အလွန်မြင့်မား”ကြောင်း  ကမ္ဘာထုတ်ပြန် ထားပါသည်။

တောင်အာဖရိကနိုင်ငံတွင် ဗုဒ္ဓဟူးနေ့ က ကိုဗစ်-၁၉ လူနာသစ် ၈,၆၅၁ ဦး တွေ့ရှိခဲ့ရပြီး ယခင်နေ့၏ နှစ်ဆ (အင်္ဂါနေ့ ပိုးတွေ့လူနာသစ်-၄,၃၇၃ ဦး) ဖြစ်ခဲ့သည်။ နိုဝင်ဘာလ ဆန်းပိုင်းတစ်ရက်လျှင် အသစ်တွေ့ရှိသော လူနာဦးရေမှာ ၃၀၀ အောက်သာ ရှိခဲ့သည်။ စစ်ဆေးသူဦးရေနှင့် ပိုးတွေ့ရှိမှုချင်း နှိုင်းယှဉ်ကြည့်ရာ အင်္ဂါနေ့တွင် ၁၀.၂ ရာခိုင်နှုန်းမှ ဗုဒ္ဓဟူးနေ့တွင် ၁၆.၅ ရာခိုင်နှုန်းသို့ ထိုးတက်သွားခဲ့သည်။

တောင်အာဖရိကအနေနှင့်ကား ယခင်  တတိယလှိုင်းတွင် နေ့စဉ်လူနာသစ်တွေ့ရှိမှု ၂၀,၀၀၀ ကျော်ထိ မြင့်တက်ခဲ့ဖူး၏။ လူဦးရေ သန်း ၆၀ အနက် ကိုဗစ်-၁၉ ရောဂါရှင် ၂.၉ သန်းအထိ ရှိခဲ့ပြီး သေဆုံးသူ ၉၀,၀၀၀ နီးပါး ရှိခဲ့သည်။

ယခုအသစ်တွေ့သော အိုမီခရွန်နှင့် ပတ်သက်၍ ရောဂါလက္ခဏာပြင်းထန်မှု မတွေ့ရသေးသော်လည်း ထိုသို့ ကောက်ချက်ချရန် အချိန်စောလွန်းနေသေးကြောင်း တောင်အာဖရိက လန်နာစီးယားဆေးရုံမှ ဆရာဝန်များက ပြောကြားထားသည်။

“လက်ရှိရထားတဲ့အချက်အလက်တွေက သိပ်ကိုနည်းနေပါသေးတယ်။ ဒီဗိုင်းရပ်စ် ရဲ့ သဘောလက္ခဏာကိုသိဖို့ သုတေသီတွေ ထပ်လုပ်စရာအများကြီးရှိတယ်။ ကူးစက်နှုန်းကို သိဖို့လိုသလို အရင်ဗိုင်းရပ်စ်တွေထက် ဝေဒနာပိုပြင်းမပြင်းက နောက်တစ်ပိုင်း။ ပြီးတော့ လက်ရှိထုတ်ထားတဲ့ ကာကွယ်ဆေးတွေက ဆေးတိုးမတိုး အဖြေရှာကြရဦးမှာပါ”ဟု  WHO ၏ ဒေသဆိုင်ရာ ဗိုင်းရပ်စ်ပါရဂူ ဒေါက်တာ နစ်ကီဂူမိတ်-မော်လက်စီက AF သတင်းဌာနသို့ ပြောကြားခဲ့သည်။

■ အိုမီခရွန်တွေ့ရှိသော နိုင်ငံများ

အစ္စရေးတွင် အိုမီခရွန်၏ကူးစက်မှုကို စိုးရိမ်သည့်အတွက် နိုင်ငံတွင်းသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားများအားလုံးကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အာဏာပိုင်များက စနေနေ့တွင် ကြေညာခဲ့သည်။ ဤပိတ်ပင်မှုသည် အနည်းဆုံး နောက်ထပ်နှစ်ပတ်ထိ ဆက်လက်တည်တံ့လိမ့်မည်။

ထူးထူးခြားခြားအဖြစ် အစ္စရေး၏ တတိယမြောက် အိုမီခရွန်ကူးစက်ခံလူနာဖြစ်သူ ဒေါက်တာ အဲလဒ်မိုဝါသည် လန်ဒန်တွင် ကျင်းပခဲ့သော ကွန်ဖရင့်တစ်ခုကို နိုဝင်ဘာ ၁၉ ရက်မှ ၂၃ ရက်အတွင်း တက်ရောက်ခဲ့၏။ လွန်ခဲ့သော ၁၀ ရက်လုံးလုံး လန်ဒန်တွင်သာ နေထိုင်ခဲ့ပြီး အစ္စရေးသို့ ပြန်ရောက်လာသူ ဖြစ်သည်။ ထိုကွန်ဖရင့်တွင် ပရိသတ် ၁,၂၀၀ တက်ရောက်ခဲ့ကြပြီး အများစုမှာ နှာခေါင်းစည်း မတပ်ခဲ့ကြပါ။ အဲလက်မိုဝါသည် Pfizer ကာကွယ်ဆေးကို သုံးကြိမ်မြောက် ထိုးနှံပြီးသူ ဖြစ်ရုံမက၊ နှာခေါင်းစည်းလည်း စဉ်ဆက်မပြတ် တပ်ခဲ့၏။ ယခုဖြစ်စဉ်အတိုင်းဆိုလျှင် တောင်အာဖရိကမှ ဗိုင်းရပ်စ်သစ်တွေ့ရှိမှုအတွက် အချက်ပေးခေါင်းလောင်း မမြည်မီကပင် ဗီဇထွန်းအိုမီခရွန်သည် ဗြိတိန်၌ တိုင်းခန်း လှည့်လည်နေကြောင်း ကောက်ချက်ချရပါ တော့မည်။

အင်္ဂါနေ့၌ ဂျပန်နှင့် ပြင်သစ်နိုင်ငံတို့က အိုမီခရွန်ဗိုင်းရပ်စ်သစ် ဝင်ရောက်နေသော ပထမဆုံးလူနာကို တွေ့ရှိကြောင်း အတည်ပြုခဲ့၏။ နိုင်ငံအသီးသီးက အဝင်အထွက်လမ်း ကြောင်းများကို ပိတ်ဆို့နေကြပြီး သိပ္ပံပညာ ရှင်များကလည်း ကုသနိုင်မည့် ဆေးဝါးသစ် ကို အပြိုင်အဆိုင် ရှာဖွေနေကြသည်။

အင်္ဂလန်တွင် လူနာသစ် ကိုးဦးထပ်မံတွေ့ရှိရသည့်အတွက် နိုင်ငံအတွင်း အိုမီခရွန် ကူးစက်ခံလူနာ ၂၂ ဦး ရှိသွားပြီဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးစောင့်ရှောက်မှုအေဂျင်စီ (UK Health Security Agency-UKHSA) က ဗုဒ္ဓဟူးနေ့စာရင်းချုပ်အရ ထုတ်ပြန်လိုက် သည်။ စကော့တလန်တွင် ၁၀ ဦး ထပ်မံတွေ့ရသည့်အတွက် စုစုပေါင်း ၃၂ ဦးထိရှိလာပြီး မြောက်အိုင်ယာလန်နှင့် ဝေလတွင် ယခုထိ ဗိုင်းရပ်စ်သစ်လူနာ မတွေ့ရသေးပါ။

စပိန်နိုင်ငံ၌ ပထမဆုံး အိုမီခရွန်ကူးစက် လူနာကို တနင်္လာနေ့က တွေ့ရှိရပြီး အသက် ၅၁ နှစ်အရွယ်ရှိကာ တောင်အာဖရိကမှ ပြန်လာခဲ့သူဖြစ်သည်။ ခရီးစဉ်ကြားခံအဖြစ် နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်လေဆိပ်မှတစ် ဆင့် မက်ဒရစ်သို့ ပြန်လာခဲ့သည်။

စပိန်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၇၂ နာရီအတွင်း ကိုဗစ်-၁၉ လူနာအသစ် ၂၂,၉၁၁ ဦးတွေ့ခဲ့ရပြီး ၅၃ ဦး သေဆုံးကြောင်း၊ သီတင်းနှစ်ပတ်အတွင်း ကိုဗစ်ရောဂါသည်သေဆုံးမှုမှာ လူတစ်သိန်း လျှင် ၂၇ ဦး သေဆုံးရာမှ၊ ယခုအခါ ၁၉၉.၀၂ ထိ သေဆုံးမှုနှုန်း မြင့်မားလာကြောင်း သိရ သည်။

ယခုအချိန်အထိ နိုင်ငံအလိုက် အိုမီခရွန်ကူးစက်လူနာ တွေ့ရှိမှုမှာ သြစတြေးလျ (ခုနစ်ဦး)၊ သြစတြီးယား (တစ်ဦး)၊ ဘယ်လ်ဂျီ ယမ် (တစ်ဦး)၊ ဘော့စ်ဝါနာ (၁၉ ဦး)၊ ဘရာဇီး (နှစ်ဦး)၊ ကနေဒါ (ခြောက်ဦး)၊ ချက်သမ္မတ နိုင်ငံ (တစ်ဦး)၊ ဒိန်းမတ် (လေးဦး)၊ ပြင်သစ် (တစ်ဦး)၊ အစ္စရေး (လေးဦး)၊ ဂျာမနီ (ကိုးဦး)၊ ဟောင်ကောင် (လေးဦး)၊ အီတလီ (ကိုးဦး)၊ ဂျပန် (နှစ်ဦး)၊ နယ်သာလန် (၁၆ ဦး)၊ နိုင်ဂျီး ရီးယား (သုံးဦး)၊ နော်ဝေ (နှစ်ဦး)၊ ပေါ်တူဂီ (၁၃ ဦး)၊ ဆော်ဒီအာရေဗျ (တစ်ဦး)၊ တောင် အာဖရိက (၇၇ ဦး)၊ တောင်ကိုရီးယား (ငါးဦး)၊ စပိန် (နှစ်ဦး)၊ ဆွီဒင် (သုံးဦး)၊ ဗြိတိန် (၂၂  ဦး) နှင့် အမေရိကန်ပြည်ထောင် စု (တစ်ဦး) တို့ ဖြစ်ပါသည်။

■ သိပ္ပံသုတေသနယ်ပယ်

ကာကွယ်ဆေး ထုတ်လုပ်ခဲ့သေဒ Oxford University/Astra Zencea မှ ပညာရှင် များအပါအဝင် သိပ္ပံပညာရှင်အများစုက အိုမီခရွန် ဗိုင်းရပ်စ်အပေါ် တိတိပပမှတ်ချက်ပေး ခြင်းမပြုသေးဘဲ ရှင်းလင်းတိကျသော သတင်းအချက်အလက်များ ရရှိရန် စောင့်ဆိုင်း နေကြပါသည်။ လက်ရှိ ဗိုင်းရပ်စ်ကို တွေ့ရှိပြီး လူနာတစ်ဦးချင်း ခံစားရသည့်အတိုင်းအတာ အလိုက် စစ်ဆေးသုတေသနပြုလုပ်နေဆဲ ဖြစ်ပြီး အနည်းဆုံး သီတင်းနှစ်ပတ်ကျော် အချိန်ယူရဦးမည်ဟု ဆိုပါသည်။ လိုအပ်လာပါ က ဗိုင်းရပ်စ်၏ ပြောင်းလဲထွန်းကားသွားသော ဗီဇနှင့် လိုက်လျောညီထွေ တိုက်ခိုက် နိုင်မည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထုတ် လုပ်နိုင်ရန် လိုအပ်သည့် အရင်းအမြစ်ရော နည်းစဉ်ပါ အသင့်ရှိကြောင်း Astra Zencea ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အနောက်နိုင်ငံမှ ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများသာမက ရုရှားနိုင်ငံ၏ ပြည်တွင်းသုံးကာကွယ်ဆေး Sputnik က လည်း သူတို့၏ဖော်မြူလာကို ဗီဇထွန်းဗိုင်းရပ်၏ ဖွဲ့စည်းပုံနှင့်လျော်ညီအောင် ပြင်ဆင် နိုင်စွမ်းရှိကြောင်း လိုအပ်လာပါက သက်သေပြနိုင်သည်ဟု ပြောကြားထားပါသည်။

အိုမီခရွန်ကပ်ဘေး၊ ကိုဗစ်-၁၉ စတုတ္ထ လှိုင်းဒဏ်ကို ကြံ့ကြံ့ခံအန်တုလျက် ဤကမ္ဘာမြေပြင်တစ်လွှား ကပ်ကျော်ကျန်းမာ မင်္ဂလာ ရှိသော ရက်များ အမြန်ဆုံး ကြုံဆုံနိုင်ပါစေသတည်း။

Most Read

Most Recent