အတ္တလျော့တဲ့ပြောင်းလဲချိန်

အတ္တလျော့တဲ့ပြောင်းလဲချိန်
Published 2 December 2021
ဒေါက်တာခင်မောင်ညို

(၁)

“ကိုဘသစ်ရေ လောကမှာ လူ ဘယ်နှမျိုးရှိလဲ”

“အကြမ်းအားဖြင့် လောကမှာ လူဆိုးလူကောင်းဆိုပြီး လူမျိုးနှစ်မျိုး ရှိတယ်ဗျ”

“လူမိုက်နဲ့ လူလိမ္မာ မဟုတ်ဘူးလား”

“အဲဒါက ဘာသာရေးနဲ့ပြောတာ။ လူတွေက သူခိုးဆိုရင် လူဆိုးလို့ပဲ ယူဆတာပဲ။ ဒါပေမဲ့ သူခိုးတိုင်း ဟာ လူမိုက်မဟုတ်ဘူး။ ငတက်ပြား ဆိုရင် ဆင်းရဲသားတွေကို ကယ်တင်တာပဲမဟုတ်လား”

“သူဌေးဆီကခိုးပြီး လူဆင်းရဲတွေကို ထောက်ပံ့တာလေ၊ ရိုဘင်ဟုဒ်တို့လိုလည်း လူဆိုးပေမဲ့ လူတွေသဘောကျတဲ့ လူကောင်းဖြစ်နေပြန်ရော”

“ကျွန်တော်တို့က မိမိမကြိုက်တဲ့ အုပ်ချုပ်သူ သူဌေး အာဏာရှိသူတွေကို လူဆိုးတွေက ဆုံးမတာကို သဘောကျတယ်။ မဟာဆွေရဲ့ စောရသကပြင်း၊ စောရလက်ဝဲတို့ကို သူခိုးငတတ်ပြား။ ရော်ဘင်ဟုဒ်တို့လို သဘောကျတာပဲ”

“နောက်ပိုင်းမှာ ခင်မောင်ရင် တို့လိုပေါ့၊ ဟုတ်လား”

“ဟုတ်တယ်။ ဆရာချစ်ဦးညို ကလည်း လင်္ကာဒီပချစ်သူဆိုတဲ့ ဝတ္ထုထဲမှာ မယ်သီတာကိုခိုးသွားတဲ့ ဒဿဂီရိကို လူကောင်းအနေနဲ့ ရေးထားတာကို ပရိသတ်က သဘောကျပါတယ်”

 

(၂)

“တကယ်တော့ လူတိုင်းမှာ အကောင်းနဲ့ အဆိုး နှစ်ဖက်ရှိတယ်၊ အတ္တနဲ့ပရပေါ့။ အတ္တကို ရှေ့တန်းတင်တဲ့သူတွေကို လူဆိုးသတ်မှတ်ပါတယ်။ ပရကိုရှေ့ထားရင်တော့ လူကောင်းပေါ့”

“ဒါပေမဲ့ လူတွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် အတ္တက အရေးပါတယ်။ လူတွေကို  ဒီလိုဖြစ်အောင် ဇီဝစက် (Bio Machine) ကြီးက ပရိုဂရမ် (Programme)အဆင့်ဆင့်နဲ့ လုပ်ထားသလိုဖြစ်နေတာကို တွေ့ရပါတယ်”

“လူတွေကို ပရိုဂရမ်လုပ်ထား တယ်ဟုတ်လား”

“လူတွေရော အခြားသောသတ္တဝါတွေမှာပါ Instinct ဆိုတဲ့ ဗီဇစရိုက်တွေပါလာတယ်။ ခွေးတွေဟာ ကျားဟိန်းသံကိုကြားတဲ့အခါ ဖင်ဆွဲ သွားတယ်ဆိုတဲ့စကားကို ကြားဖူးပါတယ်။ ဖင်ဆွဲသွားတယ်ဆိုတာ နောက်ခြေတွေ လုံးဝအလုပ်မလုပ် နိုင်တော့ဘဲ ပျော့ခွေသွားတာပါ”

“အကြောက်လွန်လို့ ဖြစ်ရတာပါပဲ၊ မဟုတ်လား”

“ဟုတ်တယ်။ ၁၉၅၀ ခုနှစ် ကျွန်တော် ကလေးဘဝမှာကြုံဖူးတာကို ပြောပြချင်ပါတယ်။ လွတ်လပ်ရေး ရပြီးကာစတွေမှာ သူတစ်လူ ငါတစ်မင်း အုပ်ချုပ်နေတဲ့အချိန်မှာ သူပုန်အဖွဲ့မျိုးစုံ ပေါ်လာတယ်”

“မြို့ပေါ်ကအဖွဲ့အစည်းတွေ လည်း တောခိုကုန်ကြတာကိုး”

“တစ်ညမှာ ဝုန်းဒိုင်းနဲ့သေနတ် သံတွေကြားရတော့ ကျွန်တော်တို့ တစ်အိမ်သားလုံး အိမ်အောက်ကို ပြေးဆင်းကြတယ်။ ကျွန်တော်တို့ ပြေးကြမယ်၊ တစ်နေရာမှာ သွားပုန်း ကြမယ်ပေါ့။ အဲဒီအချိန်မှာ ကုလား တက်ကလည်း ခေါက်တယ်၊ သေ နတ်သံတွေကလည်း နီးလာတယ်၊ အမေတို့ပြေးကြတာပေါ့၊ ကျွန်တော့် ကို အမေ လက်ဆွဲတော့ ကျွန်တော် အမေ့နောက်လိုက်ဖို့ ကြိုးစားတယ်၊ မရပါဘူး၊ ကျွန်တော့်ခြေထောက် တွေက လှုပ်လို့မရတော့ဘူး”

“တကယ်ကြီးပဲလား”

“ဟုတ်တယ်။ တော်ကြာတော့ မှ အမေ သဘောပေါက်သွားဟန် တူတယ်။ အမေ တအားဆွဲပြေးတော့ ကျွန်တော် ဒရွတ်တိုက်ပါသွားတယ်၊ တော်ကြာမှ အမေ့နောက် လိုက်ပြေး နိုင်လာတယ်”

“ကိုယ်တိုင်ကြုံတာပဲပေါ့”

 

(၃)

“ကျွန်တော် စဉ်းစားတယ်၊ ကျွန်တော်တို့ကိုယ်ခန္ဓာတွေမှာ ပရိုဂရမ်တွေ ပါလာတယ်၊ အကြောက် လွန်တဲ့အခါ ပရိုဂရမ်တွေက အားလုံးရပ်ဆိုင်းသွားစေတော့တာပါပဲ။

ဘာကြောင့်ဒီလိုဖြစ်လဲဆိုတာ ကို ဇီဝဗေဒပညာရှင်တစ်ဦးက ရှင်းပြတာကို ဖတ်လိုက်ရတယ်”

“ရှင်းပါဦး”

“သတ္တဂါတွေထဲမှာ လူတွေ ဟာအားအနည်းဆုံးပဲ။ ကမ္ဘာဦးအစက သူဟာ ပြေးလွှားပုန်းလျှိုးနေရတယ်။ ဒီလိုပုန်းတဲ့အခါ သူ့ကိုကြောက်ပြီး မလှုပ်နိုင်အောင်လုပ်တဲ့ ပရိုဂရမ် ပါလာတော့တာပဲတဲ့။ ဒါက လိုအပ် လို့ဖြစ်လာတာပဲ”

“လူတွေရဲ့ဗီဇပဲပေါ့”

“ဒီအတိုင်းပဲ အဲဒီကမ္ဘာဦးကာလက Hunter-Gatherer ဆိုတဲ့ခေတ် လို့ခေါ်တဲ့ခေတ်ဆိုတာ ရှိခဲ့တယ်။ အမဲလိုက်ပြီး ရသမျှအစာရေစာကို သိုလှောင်ထားတဲ့ခေတ်ဖြစ်တယ်”

“အစာရေစာပြတ်လပ်မှာကို ကြိုစဉ်းစားသိုလှောင်တာမဟုတ်လား”

“ဟုတ်ပါတယ်၊ ကျွန်တော်တို့ ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်မှာလို ပုရွက်ဆိတ်ကို သဘောကျကြတာပဲ မဟုတ်လား”

“အင်း။ အစာရေစာ ရှားပါးတဲ့ အခါအတွက် စုကြတာပဲလေ”

“ဟုတ်တယ်၊ လူတွေဟာ သူတို့ အတ္တကို ဖြည့်ဆည်းဖို့လိုတယ်ဆိုတာ ကိုလည်း ပရိုဂရမ်ထဲမှာ ထည့်ထား ကြတာပဲ”

ကိုဘသစ် အတွေးတွေကို ပေးနေတာပါ။

“ဒီတော့ ဉာဏ်ပညာထက် မြက်သူတွေ၊ကံကောင်းသူတွေနဲ့ ခွင်တည့်သွားသူတွေဟာ စုဆောင်းခြင်း ကို အများကြီးလုပ်လာလို့ရခဲ့ကြတယ်။ ကမ္ဘာမှာ ချမ်းသာသူတစ်ထောင်လောက်ပိုင်တဲ့ ပစ္စည်းပမာဏဟာ ဆင်းရဲသူကမ္ဘာသားတွေရဲ့ ပိုင်ဆိုင်မှု ထက်ဝက်ကျော်ကို ပိုင်ဆိုင်ထားသတဲ့။

အဲဒီလက်တစ်ဆုပ်စာလူတွေဟာ သုံးဖြုန်းနေကြပြီး ကျန်တဲ့ကမ္ဘာသားအများက ဆင်းရဲဒုက္ခတွေနဲ့ လုပ်ကိုင်စားသောက်နေကြရတယ် လို့ဆိုပါတယ်”

“ဒီလိုဖြစ်တာ အတ္တအရင်းခံတာပဲပေါ့”

“ဟုတ်ပါတယ်။ ဧကရာဇ်တွေ သက်ဦးဆံပိုင်အာဏာရှင်တွေ၊စစ်ဘုရင်တွေ၊ ကိုလိုနီတွေကို တည်ထောင်တဲ့ အရင်းရှင်စနစ်တွေက အစ ဒီမိုကရေစီခေတ် ကွန်မြူနစ် စနစ်စတာတွေကို ဖြတ်သန်းလာတဲ့ ကမ္ဘာသားတွေဟာ ဘယ်တော့မှ အေးချမ်းတယ်ရယ်လို့မရှိကြဘူး။ အမြဲပဲ ဒုက္ခတစ်ခုခုနဲ့တော့ ရင်ဆိုင်ကြရတာပါပဲ”

 

(၄)

ကိုဘသစ် စကားကိုရပ်လိုက် ပါတယ်။ ကိုဘသစ်ကို ကျွန်တော် မေးခွန်းထုတ်လိုက်တယ်။

“ဒီတော့ ကိုဘသစ် ကျွန်တော်တို့ ပရိုဂရမ်မှားနေတာပေါ့”

“ဘာကိုပြောတာလဲ”

“လူတွေဟာ သူတို့ကိုယ်သူတို့ ဖျက်ဆီးပစ်တဲ့ ပရိုဂရမ်ထည့်ထား သလိုဖြစ်နေသလားပေါ့ဟုတ်လား”

“မှန်ပါတယ်”

“ဒီတော့ ကျွန်တော်တို့ဟာ  ပရိုဂရမ်အသစ်လိုတာပေါ့”

ကိုဘသစ် ပြုံးလိုက်ပါတယ်။

“တကယ်တော့ လောကမှာ ဘယ်သတ္တဝါတွေမှ ပြောင်းလဲမှုတွေ မပြုနိုင်ဘူး။ ဒါပေမဲ့ လူတွေကတော့ ပြောင်းလဲမှုတွေလုပ်နိုင်တယ်”

“သူ့ပရိုဂရမ်ကိုသူ ပြောင်းလဲနိုင်တာပေါ့ ဟုတ်လား”

“ပြောင်းလဲနိုင်ပါတယ်၊ ဆော့ခရတ္တိဆိုတဲ့ ဂရိကပညာရှင်အကြောင်း ကြားဖူးကြမှာပါ”ဆိုကာ ကိုဘသစ် က ဆော့ခရတ္တိအကြောင်းကို အောက်ပါအတိုင်း ပြောပြခဲ့တယ်။

 

(၅)

တစ်နေ့မှာ ဆော့ခရတ္တိကို  သူ့တပည့်တွေက ဗေဒင်ဆရာတစ်ယောက်ကို ခေါ်ခဲ့တယ်။

အဲဒီဗေဒင်ဆရာက နာမည် ကြီးတစ်ယောက်ပဲပေါ့။

သူက ဆော့ခရတ္တိရဲ့ မွေးနေ့ မွေးရက် နက္ခတ်တွေနဲ့ယှဉ်ကာ တွက်ချက်တယ်။ ပြီးတော့ ဟောတာပဲ ပေါ့။

“ဒီဇာတာရှင်ဟာ အလိုရမ္မက် လောဘ အလွန်ကြီးသူဖြစ်တယ်၊ ကာမဂုဏ်ကိုလည်း အင်မတန် ခင်မင်ပြီး အမြဲမပြတ် မိန်းမတွေနဲ့ပဲ အလုပ်ရှုပ်နေတတ်တဲ့ လူမိုက်တစ်ယောက်ဖြစ်တယ်”ဆိုပြီးတွက်ချက် ပေးလိုက်တယ်။

ဒါကိုကြားတော့ တပည့်တွေက ဗေဒင်ဆရာကို ထိုးမယ်ကြိတ် မယ်လုပ်ကြတာပေါ့၊သူတို့ဟာ သူတို့ ဆရာကို ဘုရား တစ်ဆူလို ရိုသေကြတာပဲ။

ရမ္မက်လောဘကြီးတဲ့ ကာမ ဂုဏ်ကိုတွယ်တာတဲ့ တဏှာရာဂကြီး သူရယ်လို့ဟောလိုက်တော့ ဗေဒင် ဆရာကို မမှန်တာပြောတယ်ဆိုပြီး စွပ်စွဲကြတော့တာပဲ။

“ခင်ဗျားဟောတဲ့ ဇာတာရှင်ဟာ ဘယ်သူလဲသိလား၊ ကျွန်တော်တို့ရဲ့ ဆရာကြီးဗျ”လို့ ပြောလိုက်တော့ ဗေဒင်ဆရာလည်း တုန်လှုပ် သွားလေတော့တယ်။

ဒါပေမဲ့ ဆော့ခရတ္တိက ထလာပြီး ပြောတယ်။

“တပည့်တို့ သူပြောတာ အမှန် တွေချည်းပါပဲ။ ဆရာဟာ သူပြောတဲ့ အတိုင်း မွေးဖွားလာခဲ့ပါတယ်”

“ဘယ်လိုဖြစ်နိုင်ပါ့မလဲ၊ ဆရာဟာ သူတော်စင်တစ်ပါး မဟုတ်လား”လို့ တပည့်တွေက တွေးနေကြတယ်၊ ဆော့ခရတ္တိက ဆက်ပြောတယ်။ဒါပေမဲ့ဆရာက အဲဒါတွေအားလုံးကို ထိန်းချုပ်နိုင်ခဲ့တယ် တပည့်တို့။ လူတွေဟာ ချုပ်ထိန်းနိုင်ဖို့ အရေးကြီးတာပဲ။ မင်းတို့ လူကောင်းလို့ယူဆနေတဲ့ လူတစ်ယောက်ဟာ သူ့ကိုယ်သူ နိုင်နင်းစွာချုပ်ထိန်းနိုင် တဲ့သူပါ”ဆိုပြီး ပြောလိုက်သတဲ့။

 

(၆)

“လူတွေဟာ ပြောင်းလဲနိုင်တဲ့ သူတွေပါ ဆရာညို”

ကိုဘသစ်ပြောတာကို ကျွန်တော် သဘောပေါက်တယ်။ အင်္ဂုလိမာလတို့၊ ပေါဒီသာဓတို့ဆိုတာ လူ တွေကိုသတ်တယ်၊ လူသားစားတဲ့ သူတွေဖြစ်ခဲ့တာပဲ”

“သူတို့ပြောင်းလဲတာကို လုပ်နိုင်သလို မလုပ်နိုင်သူတွေလည်း အ များကြီးပဲ”

“မှန်ပါတယ်၊ ဒါကြောင့်လည်း ကမ္ဘာကြီးဟာ မငြိမ်းချမ်းတာပဲပေါ့၊ စစ်ပွဲတွေလည်း ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်နေကြတယ်၊ လူတွေရဲ့ လောဘတွေနဲ့ လောင်စာတွေ နင်းကန်သုံး ကြတယ်။ ဒါကြောင့် ဝင်ရိုးစွန်းက ရေခဲတောင်တွေ ပြိုနေပြီ”

“ကျွန်းနိုင်ငံအချို့ ရေနစ်မြုပ်မယ့်အန္တရာယ်တွေ ကြုံနေရတယ်”

“ကာဗွန်လျှော့ချဖို့ အစည်းအဝေးတွေလုပ်နေကြတာ သင့်သလောက်မအောင်မြင်ပါဘူး”

“ဘာလို့လဲသိလား”

“အတ္တကို အလေးပေးထားတဲ့ ပရိုဂရမ်တွေကြောင့်ပေါ့”

“ဟုတ်ပါ့ဗျာ။ ကျွန်တော်တို့ အားလုံး အတ္တ လျှော့ဖို့ အချိန်တန်ပါပြီ”

Most Read

Most Recent