အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား ခံပြသက်သေအဖြစ် စစ်ဆေးရမည် ဖြစ်သော်လည်း ၎င်း၏ ကျန်းမာရေး အခြေအနေအရ သက်သေအဖြစ် တရားရုံးသို့ လာရောက်ထွက်ဆိုနိုင်ခြင်း မရှိခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
အောက်တိုဘာ ၂၃ ရက်က နေပြည်တော် ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုအား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးညီညီ(ခ) ဦးထွန်းမြင့်အောင်၏ တိုင်ကြားချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၃ ရက် ရုံးချိန်းတွင် ဒေါက်တာဇော်မြင့်အောင်အား ခံပြသက်သေအဖြစ် စစ်ဆေးရန်အတွက် ချိန်းဆိုထားခြင်းဖြစ်ပြီး ၎င်းအနေဖြင့် တရားရုံး၏ ဆင့်ခေါ်စာလက်ခံရရှိသော်လည်း ကျန်းမာရေးအခြေအနေကြောင့် တရားရုံးသို့ လာရောက်နိုင်ခြင်းမရှိဟု တရားသူကြီးက ပြောကြားခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ထို့ပြင် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေကြောင့် ခရီးသွားလာခွင့် မပြုကြောင်း အစိုးရ ကျန်းမာရေး အရာရှိက ညွှန်ကြားထားသည့် ကျန်းမာရေး အသိအမှတ်ပြု လက်မှတ်အား တရားသူကြီးက ပြသခဲ့ကြောင်း၊ ကျန်းမာရေးအခြေအနေကြောင့် ခရီးသွားလာခွင့်မပြုသည့်အတွက် ဒေါက်တာ ဇော်မြင့်မောင်အား Video Conferencing ဖြင့် စစ်ဆေးရန်အတွက် ဥပဒေအရာရှိက တရားရုံးသို့ တင်ပြခဲ့ကြောင်းလည်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
အထက်ပါကဲ့သို့ ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေအရ တရားရုံးသို့ လာရောက်၍ သက်သေအဖြစ် ထွက်ဆိုနိုင်ခြင်းမရှိခြင်းကြောင့် Video Conferencing ဖြင့် စစ်ဆေးမည့် အခြေအနေနှင့် ပတ်သက်၍ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှေ့နေများဘက်က လာမည့်ရုံးချိန်းမှသာ မိမိတို့၏သဘောထားအား အကြောင်းပြန်ကြားမည်ဟု တင်ပြခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
နိုဝင်ဘာ ၂၃ ရက် ရုံးချိန်းတွင် ဦးညီညီ (ခ) ဦးထွန်းမြင့်အောင်၏ တိုင်ကြားချက်အရ အတိုင်ပင်ခံပုဂ္ဂိုလ်ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုတစ်ခုတည်းကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
အောက်တိုဘာ ၃၀ ရက်တွင် ချိန်းဆိုထားသော ရုံးချိန်း၌ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ် တရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်းကိုလည်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။















