230 KV တောင်တွင်းကြီး-သပြေဝ ဓာတ်အားလိုင်းချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပွား၊ အချို့တိုင်းနှင့်ပြည်နယ်တွင်လည်း ဓာတ်အားပြတ်တောက်နေ

230 KV တောင်တွင်းကြီး-သပြေဝ ဓာတ်အားလိုင်းချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပွား၊ အချို့တိုင်းနှင့်ပြည်နယ်တွင်လည်း ဓာတ်အားပြတ်တောက်နေ
Published 20 November 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုဝင်ဘာ ၂၀ ရက်၊ ည ၇ နာရီ ၄၃ မိနစ်တွင် ဓာတ်အားစနစ်ချို့ယွင်းမှုကြောင့် တစ်တိုင်းလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပွားနေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေရာများ ယာယီဓာတ်အားပြတ်တောက်နေကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရန်အချိန်နှင့် တစ်ပြေးညီကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

" မီးပြတ်သွားတာ ကျွန်တော်တို့မြို့နယ်တင်မဟုတ်ဘူး။ ကျန်တဲ့ မြို့နယ်တွေလည်း အကုန်လုံး ပြတ်သွားတယ်လို့သိရတယ်။ နောက်ဆုံးသိရတဲ့ တစ်တိုင်းလုံး ပြတ်သွားတာလို့သိရတယ် " တောင်ဥက္ကလာပမြို့နယ်နေသူတစ်ဉီးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်ရမှု အကြောင်းရင်းမှာ230 KV တောင်တွင်းကြီး-သပြေဝ ဓာတ်အားလိုင်း ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်ခြင်းဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဆက်လက်စုံစမ်းမှုများအရ ရန်ကုန်တိုင်းဒေသကြီးအပြင် နေပြည်တော်မှ နေရာအချို့အပါအဝင် ကျန် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင်လည်း လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း ကနေဉီးသိရသည်။

Most Read

Most Recent