နယူးကာဆယ်အသင်းအရောင်းအဝယ်နှင့်ပတ်သက်၍ ဝေဖန်မှုများကို ခံခဲ့ရသော ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဂယ်ရီဟော့ဖ်မန်း ရာထူးမှနုတ်ထွက်တော့မည်

နယူးကာဆယ်အသင်းအရောင်းအဝယ်နှင့်ပတ်သက်၍ ဝေဖန်မှုများကို ခံခဲ့ရသော ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဂယ်ရီဟော့ဖ်မန်း ရာထူးမှနုတ်ထွက်တော့မည်
Photo: Daily Mail
Photo: Daily Mail
Published 18 November 2021

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဂယ်ရီဟော့ဖ်မန်းသည် သူ၏ ရာထူးမှနုတ်ထွက်တော့မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဂယ်ရီဟော့ဖ်မန်းသည် ယင်းရာထူးကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလကမှ စတင်တာဝန်ယူခဲ့သူဖြစ်ပြီး (၁၈)လအကြာတွင်ပင် ရာထူးမှနုတ်ထွက်ရန် စီစဉ်နေခြင်းဖြစ်သည်။

အသက်(၆၁)နှစ်အရွယ်ရှိသူ စီးပွားရေးသမားတစ်ဦးဖြစ်သည့် ဂယ်ရီဟော့ဖ်မန်းသည် ပရီးမီးယားလိဂ်အသင်းများအကြားတွင် သြဇာလွှမ်းမိုးသူမဖြစ်ခဲ့ဘဲ အဖွဲ့ချုပ်၏ လုပ်ဆောင်မှုအချို့နှင့်ပတ်သက်၍ မကြာခဏဝေဖန်ပြစ်တင်ခံခဲ့ရသူဖြစ်သည်။

အထူးသဖြင့် ဆော်ဒီအိမ်ရှေ့မင်းသား ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသော Public Investment Fund(PIF) မှ ငွေကြေးများပါဝင်သည့် အကျိုးတူစီးပွားရေးအဖွဲ့က နယူးကာဆယ်အသင်းအား ဝယ်ယူခြင်းအပေါ် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မီးစိမ်းပြပြီး ခွင့်ပြုချက်ပေးခဲ့ခြင်းအတွက် ဥက္ကဋ္ဌဖြစ်သူ ဂယ်ရီဟော့ဖ်မန်းမှာ ဝေဖန်ပြစ်တင်မှုများကို အလူးအလဲခံခဲ့ရသည်။

ဆော်ဒီနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူရှုပြီး ယင်းအရောင်းအဝယ်အား ခွင့်ပြုခဲ့သည်ဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ်အား ပရီးမီးယားလိဂ်ကလပ်အသင်းအများစုက စွပ်စွဲခဲ့ကြပြီး၊ အသင်းပိုင်ရှင်ဖြစ်လာရန် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ပတ်သက်၍လည်း ဖြေရှင်းချက်ပေးရန် ပရီးမီးယားလိဂ်အဖွဲ့ချုပ်အား ၀ိုင်းဝန်းတောင်းဆိုခဲ့ကြသည်။

ယခု ဂယ်ရီဟော့ဖ်မန်း ရာထူးမှနုတ်ထွက်ရန် စီစဉ်ခြင်းမှာ ယင်းကိစ္စနှင့် များစွာသက်ဆိုင်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဗြိတိန်ရှိ ဘဏ်လုပ်ငန်းတစ်ခုဖြစ်သော Monzo Bank Limited ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဂယ်ရီဟော့ဖ်မန်းသည် သူ၏ ဆုံးဖြတ်ချက်ကို တရားဝင်မကြေညာသေးသော်လည်း လာမည့်ရက်ပိုင်းအတွင်း ထုတ်ပြန်သွားဖွယ်ရှိကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

ကလပ်အသင်းအများစု၏ အားပေးထောက်ခံမှုကိုမရရှိသော ဂယ်ရီဟော့ဖ်မန်းသည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဥက္ကဋ္ဌရာထူးကို ရယူခဲ့ပြီးနောက် (ဥရောပကလပ်အသင်းကြီးများ ဖန်တီးခဲ့ပြီး မအောင်မြင်ခဲ့သော) ဥရောပစူပါလိဂ်ပြိုင်ပွဲနှင့်ပတ်သက်၍ ပြောဆိုခဲ့ရာ၌ ယင်းပြိုင်ပွဲအကြောင်း ထဲထဲဝင်ဝင်သိရှိခြင်း မရှိသည်မှာထင်ရှားခဲ့၍ ဝေဖန်မှုများကို ခံခဲ့ရဖူးသူလည်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၉)ရက်နေ့က ပြုလုပ်ခဲ့သော ပရီးမီးယားလိဂ်အရေးပေါ်အစည်းအဝေး၌  ဂယ်ရီဟော့ဖ်မန်း၏ဦးဆောင်မှုကို အယုံအကြည်မရှိဟု ဘန်လေအသင်းပိုင်ရှင်ဖြစ်သူ အလန်ပိစ်က လူသိရှင်ကြားဝေဖန်ခဲ့ဖူးသည်။

အချိန်တိုအတွင်း ဂယ်ရီဟော့ဖ်မန်း နုတ်ထွက်ခြင်းမှာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်အတွင်း တည်ငြိမ်မှုကင်းမဲ့နေခြင်းကိုပြကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

Most Read

Most Recent