ပခုက္ကူဒေသတစ်ဝိုက်ရှိ နှမ်းစိုက်တောင်သူများ မိုုးနှောင်းကာလတွင် စိုက်ပျိုးထားသည့် နှမ်းနက်နှင့် စမုံနက်နှမ်းများအား နိုဝင်ဘာလယ်ပိုင်းမှစတင် ရိတ်သိမ်းနေပြီး အထွက်နှုန်းကောင်းမွန်ကြောင်း တောင်သူများ ထံမှ သိရသည်။
ယခုနှစ်တွင် သွန်းအားစုစျေးနှုန်းများ မြင့်တက်ခဲ့သည့်အတွက် စိုက်စရိတ် ယခင်နှစ်များထက် ပိုမိုကုန်ကျခြင်းကြောင့် နှမ်းစျေးနှုန်းကောင်းမွန်မှသာ တောင်သူများ အကျိုးအမြတ် ခံစားရမည်ဖြစ်ကြောင်း စိုက်ပျိုးသူများထံမှ သိရသည်။
ပခုက္ကူဒေသတစ်ဝိုက်ရှိ နှမ်းစိုက်တောင်သူများ လက်ရှိရိတ်သိမ်းနေသည့် နှမ်းပင်များ အသီးအပွင့် ကောင်းမွန်သည့်အတွက် နှမ်းတစ်ဧကလျှင် ငါးတင်းမှ ၁၀ တင်းခန့်ထိထွက်ရှိမည်ဟု တောင်သူများ က ခန့်မှန်းထားကြောင်း သိရသည်။
“ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်း စိုက်တဲ့အခင်းတွေကတော့ ရိတ်နေပြီ။ ကျွန်တော်တို့ မြိုင်နယ်ရဲ့ မိုးရရှိမှုက ဒီနှစ်ကောင်းတဲ့အတွက် အပင်ဖြစ်ရော အသီးရော ကောင်းတယ်။ ပုံမှန်ယာမြေမှာစိုက်တဲ့ နှမ်းကတော့ အနည်းဆုံး ရှစ်တင်း ကိုးတင်းရမှာ။ ကျောက်စရစ်မြေမျိုး စိုက်ထားတဲ့သူကတော့ အရနည်းနိုင်တယ်။ တောင်သူအနေနဲ့ကတော့ စျေးကောင်းဖို့ပဲ လိုတယ်။ ဒီနှစ်က စိုက်စရိတ်လည်း များတယ်။ မြေဆီစျေးတွေက အတော်တက်တော့ စိုက်စရိတ်က တက်တယ်။ မနှစ်က တစ်ဧကနှစ်သိန်းဆို ဒီနှစ်သုံးသိန်းခွဲလောက်ကျမှာ။ နောက်ကျစိုက်တဲ့ အခင်းတွေကတော့ မရိတ်ရသေးဘူး” ဟု နှမ်းရိတ်သိမ်းနေသည့် မြိုင်မြို့နယ်မှ တောင်သူ ကိုနိုင်က ပြောကြားသည်။
ပခုက္ကူခရိုင်တွင်း အချို့သော နှမ်းစိုက်ဒေသများတွင် မိုးရွာသွန်းမှုများပြားသည့်အတွက် နှမ်းပင်များလဲကျခြင်းနှင့် အပွင့်ကြွေကျခြင်းများ ကြုံတွေ့နေရပြီး အထွက်နှုန်းထိခိုက်မှုရှိကြောင်း သိရသည်။
လက်ရှိတွင် ပခုက္ကူသီးနှံစျေးကွက်အတွင်း ယခင်နှစ်က ထွက်ရှိခဲ့သည့် နှမ်းများနှင့် ယောနယ်ထွက်နှမ်းများအား ရောင်းဝယ်နေပြီး နှမ်းစမုံနက်တစ်တင်းလျှင် ကျပ် ၄၅၀၀၀ - ၇၀၀၀၀ အထိ ပေါက်စျေးရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှမ်းစိုက်ရာသီတွင် နှမ်းပင်များပွင့်ဖူးချိန် မိုးရေမရရှိသည့်အတွက် အထွက်နှုန်းကျခဲ့ပြီး နှမ်းစျေးမှာ အမြင့်ဆုံးကျပ် ၆၀၀၀၀ သာ ပေါက်စျေးရှိခြင်းကြောင့် တောင်သူများဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။
ပခုက္ကူသီးနှံစျေးကွက်အတွင်း ယခုနှစ်တွင် နှမ်းနှင့် ပဲအမျိုးမျိုးဝယ်လက်စုံဝယ်ယူခြင်းနှင့် နိုင်ငံခြားငွေတန်ဖိုး မြင့်တက်ခြင်းများကြောင့် သီးနှံစျေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ပြီး ပဲစင်းငုံစျေးနှုန်းမှာ သိသာစွာမြင့်တက် လာကြောင်း သိရသည်။















