■ ဂရိ နှင့် စပိန် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
စပိန်က လက်ကျန်နှစ်ပွဲအလိုမှာ ဒုတိယနေရာရောက်နေပြီး ဂရိကိုတော့ (၄)မှတ်ဖြတ်ထားတယ်။ ဂရိက ဒီပွဲနိုင်မှ အုပ်စုဒုတိယနေရာကို မျှော်လင့်နိုင်မှာဖြစ်ပြီး စပိန်အတွက်တော့ သရေတစ်မှတ်ဆိုရင် ဒုတိယနေရာအတွက် လုံလောက်တဲ့အနေအထားဖြစ်တယ်။ ဒါကြောင့် ဂရိကွင်းမှာ စပိန် ထိန်းကစားဖို့ကြိုးစားမှာဖြစ်ပြီး ဒီအခြေအနေက နည်းဗျူဟာပိုင်းပြင်ဆင်မှုအတွက် အားကောင်းတဲ့အခြေအနေလို့လည်း ယူဆရတယ်။ ခံစစ်ကို လုံခြုံအောင်တည်ဆောက်ပြီးမှ တန်ပြန်တိုက်စစ်ဆင်မယ့် အသင်းတစ်သင်းအနေနဲ့ မဖြစ်မနေအနိုင်ကစားဖို့ ကြိုးစားရမှာဖြစ်ပေမဲ့ အရည်အသွေးနိမ့်နေတဲ့အခြေအနေကြောင့် ဂရိဆီက စပိန်အကျိုးအမြတ်ယူနိုင်လိမ့်မယ်။ ဂရိက တိုက်စစ်ဆင်ဖို့ကြိုးစားရင်း ဂိုးမရတဲ့အခါ ခံစစ်မှာ အပေါက်အပြဲတွေ ပေါ်လာလိမ့်မယ်။ စပိန်ကိုပဲ ကြိုက်တယ်။
■ ဂျာမနီ နှင့် လက်ချင်စတိန်း (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
ဂျာမနီက ခြေစစ်ပွဲအောင်ပြီးသားဖြစ်ပြီး ဒီပွဲရလဒ်က အရေးမပါတော့ပါဘူး။ ဒါပေမဲ့ ဟန်ဆီဖလစ်ခ်လက်ထက်မှာ အကောင်းဆုံးပုံစံပြသနေတဲ့ Form အတိုင်းပဲ ဆက်ကစားသွားဖို့များတယ်။ လက်ချင်စတိန်းကလည်း အုပ်စုတွင်းမှာ အားအနည်းဆုံး၊ ခံစစ်အညံ့ဆုံး၊ ဇယားအောက်ဆုံးကအသင်းဖြစ်တယ်။ ဂျာမနီ ဂိုးပြတ်နိုင်ဖို့ သေချာနေတဲ့ပွဲဖြစ်ပြီး ပွဲရလဒ်က (၄-၀) လောက်တော့ဖြစ်လိမ့်မယ်။
■ ဂျော်ဂျီယာ နှင့် ဆွီဒင် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)
ဆွီဒင်က စပိန်ကိုကျော်ပြီး အုပ်စုဗိုလ်နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်တယ်။ ခြေစစ်ပွဲတစ်လျှောက် ခြေစွမ်းမှန်မှန် တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းလာခဲ့ပြီး ခြေစစ်ပွဲရဲ့ နောက်ဆုံးအပိုင်းမှာလည်း အဆုံးသတ်ကောင်းကောင်းနဲ့ ပန်းဝင်လိမ့်မယ် ထင်တယ်။ ဂျော်ဂျီယာက အုပ်စုအောက်ခြေမှာရှိနေတဲ့အသင်း ဖြစ်ပြီး ခြေစစ်ပွဲမှာလည်း အိမ်ကွင်းပွဲစဉ်အားလုံး ရှုံးထားတယ်။ ဒါကြောင့် ဆွီဒင်ပဲ အနိုင်သေချာတဲ့ပွဲပါ။
■ အိုင်ယာလန် နှင့် ပေါ်တူဂီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
အိုင်ယာလန်က ပုံမှန်အားဖြင့် ဥရောပမှာ လေးစားလောက်စရာလူအင်အား၊ အဆင့်အတန်းမျိုးရှိတဲ့အသင်းပါ။ ဒါပေမဲ့ ဒီခြေစစ်ပွဲမှာတော့ အခြေအနေက ဆိုးရွားလွန်းပြီး အုပ်စုတွင်း (၅)သင်းမှာ လူဇင်ဘတ်လိုအသင်းရဲ့အောက် အဆင့် (၄)နေရာ အထိ ရောက်နေတယ်။ ပေါ်တူဂီက ဆားဘီးယားအောက် ဒုတိယနေရာမှာရောက်နေပြီး အနည်းဆုံး အုပ်စုဒုတိယနေရာ သေချာတယ်။ ဒါပေမဲ့ အုပ်စုဗိုလ်ဖြစ်ဖို့အတွက်တော့ အိုင်ယာလန်ကို မဖြစ်မနေအနို်င်ကစားဖို့လိုပါတယ်။ ပေါ်တူဂီ နိုင်ပွဲယူလိမ့်မယ်။ ဒါပေမဲ့ ဂိုးပြတ်ဖို့တော့ မလွယ်ဘူး။ (၀-၁)လောက်ပဲ ဖြစ်မယ်ထင်တယ်။
■ ရုရှား နှင့် ဆိုက်ပရပ်စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)
ရုရှားက အုပ်စုတွင်းမှာ ရမှတ် (၁၉)မှတ်နဲ့ ဦးဆောင်နေပြီး အနည်းဆုံးတော့ အုပ်စုဒုတိယနေရာ သေချာသွားပါပြီ။ ဒီပွဲနိုင်ရင် အုပ်စုဗိုလ်နေရာအတွက်လည်း အလားအလာကောင်းသွားမယ်။ ရုရှားအတွက် ပိုကောင်းတဲ့အခြေအနေဖြစ်နေတာက ဆိုက်ပရပ်စ်က အုပ်စုတွင်းမှာ အားအနည်းဆုံးအသင်းဖြစ်နေပြီး အဝေးကွင်းမှာလည်း ဂိုးတောင်မသွင်းနိုင်ဘဲ ပွဲတိုင်းရှုံးထားခြင်းဖြစ်တယ်။ ရုရှားပဲ ဂိုးပြတ်သွင်းပြီး နိုင်လိမ့်မယ်။
■ မော်လ်တာ နှင့် ခရိုအေးရှား (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
ရုရှားက အုပ်စုအောက်ဆုံးက ဆိုက်ပရပ်စ်နဲ့ ဆုံတွေ့နေသလို ခရိုအေးရှားကလည်း ဆိုက်ပရပ်စ်နဲ့ ကပ်လျက် မော်လ်တာနဲ့ ဆုံတွေ့နေတယ်။ ဒါကြောင့် ရုရှားလိုပဲ အခက်အခဲမရှိ အနိုင်ယူနိုင်မယ့်ပွဲတစ်ပွဲကို ကစားရမှာဖြစ်တယ်။ အဝေးကွင်းမှာ ကစားရမှာဆိုပေမဲ့ ဒီနှစ်သင်းကြားက အဆင့်အတန်းကွာဟမှုနဲ့ အုပ်စုဗိုလ်နေရာမျှော်လင့်ချက်အတွက် အမှားမခံနိုင်တာကြောင့် ခရိုအေးရှား ဂိုးပြတ်သွင်းမယ်။
■ ရိုမေးနီးယား နှင့် အိုက်စလန် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
အာမေးနီးယားနဲ့ မြောက်မက်ဆီဒိုးနီးယားတို့ ထိပ်တိုက်တွေ့နေတဲ့အနေအထားကို ရိုမေးနီးယား အသုံးချရလိမ့်မယ်။ အိုက်စလန်က အရင်လိုမာကျောမှုမျိုးနဲ့အသင်း မဟုတ်ဘူး။ အဝေးကွင်းမှာလည်း လက်ချင်စတိန်းကို နိုင်တာကလွဲပြီး ပွဲတိုင်း ရှုံးထားတယ်။ ရိုမေးနီးယားပဲ နိုင်မယ်။
■ ဆလိုဗက်ကီးယား နှင့် ဆလိုဗေးနီးယား (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
နှစ်သင်းစလုံးက နောက်တစ်ဆင့်တက်ဖို့အတွက် အခွင့်အရေး မရှိတော့ဘူး။ (၁၀)မှတ်စီရထားပြီး အတိုင်းအတာတစ်ခုအထိ ပုံစံကောင်းပြသခဲ့ပေမဲ့ ရုရှား၊ ခရိုအေးရှားတို့လိုအသင်းတွေကို အမီလိုက်ဖို့တော့ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ ဒီပွဲလည်း အကြိတ်အနယ်ကစားရဦးမှာပါ။ သရေကျဖို့ များတယ်။
■ အဇာဘိုင်ဂျန် နှင့် လူဇင်ဘတ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)
အဇာဘိုင်ဂျန်က အုပ်စုအောက်ဆုံးကအသင်းဖြစ်ပြီး အုပ်စုတွင်း ပွဲစဉ် (၇)ပွဲမှာ (၄)ဂိုးပဲ သွင်းထားနိုင်တယ်။ ပေးဂိုးအများဆုံး ပေးထားရတဲ့အသင်းလည်းဖြစ်တယ်။ လူဇင်ဘတ် နဲ့ အဇာဘိုင်ဂျန်က ခြေစွမ်း၊ အဆင့်အတန်း၊ ရပ်တည်မှု သိပ်မကွာဘူး။ ဒါ့အပြင် ဒီဘက်နှစ်တွေမှာ လူဇင်ဘတ် နည်းနည်းလေး ပိုအားကောင်းလာတာကိုလည်း တွေ့ရတယ်။ အခုပွဲလည်း အဇာဘိုင်ဂျန်ကွင်းဆိုပေမဲ့ သရေလောက်ပဲဖြစ်မယ်။
■ အာမေးနီးယား နှင့် မြောက်မက်ဆီဒိုးနီးယား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)
မြောက်မက်ဆီဒိုးနီးယားက အစောပိုင်းတုန်းက အုပ်စုကို ဦးဆောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရလဒ်တွေ တဖြည်းဖြည်းကျဆင်းလာပြီး အုပ်စုတတိယနေရာအထိ ရောက်လာတယ်။ အာမေးနီးယားက အဆင့် (၄)နေရာက အသင်းဖြစ်ပြီး အမှတ်တူပဲ။ နှစ်သင်းစလုံးက တစ်မှတ်ပဲသာတဲ့ ရိုမေးနီးယားကို အမီလိုက်နိုင်တဲ့အခွင့်အရေးလည်းရှိနေလို့ အကြိတ်အနယ် ကြိုးစားကြလိမ့်မယ်။ အာမေးနီးယားကို ကြိုက်တယ်။















