၂၀၂၁ Ballon d'Or ဆုကို မက်ဆီ ခုနစ်ကြိမ်မြောက် ဆွတ်ခူးရရှိမည်ဟု သတင်းများထွက်ပေါ်နေမှုအား ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ အယ်ဒီတာ ငြင်းဆန်

၂၀၂၁ Ballon d'Or ဆုကို မက်ဆီ ခုနစ်ကြိမ်မြောက် ဆွတ်ခူးရရှိမည်ဟု သတင်းများထွက်ပေါ်နေမှုအား ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ အယ်ဒီတာ ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 11 November 2021

၂၀၂၁ Ballon d'Or ဆုကို PSG တိုက်စစ်မှူး မက်ဆီက ခုနစ်ကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိမည်ဟု သတင်းများထွက်ပေါ်နေမှုကို ဆုချီးမြှင့်သည့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ထုတ်ဝေရေးအယ်ဒီတာဖြစ်သူ ပါစကယ်လ်ဖယ်ရီက ငြင်းဆန်ခဲ့ပြီး ဆုရရှိမည့်သူကို မဆုံးဖြတ်ရသေးကြောင်း ဂျာမန်သတင်းစာ Bild သို့ ပြောကြားခဲ့သည်။ 

Ballon d'Or ဆုကို ပြင်သစ်ဘောလုံး မဂ္ဂဇင်းက ၁၉၅၆ ခုနှစ်တွင် စတင်ကာ နှစ်စဉ် နှစ်တိုင်း ချီးမြှင့်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင်မူ COVID-19 ကပ်ဘေးကြောင့် ချီးမြှင့်ခဲ့ခြင်း မရှိပေ။ 

Ballon d'Or ဆုကို စတင်ချီး မြှင့်ခဲ့သည့် ၁၉၅၆ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ ဘောလုံးဂျာနယ်လစ်များ၏ မဲပေးမှုဖြင့် ရွေးချယ်ခဲ့ပြီး၂ဝဝ၇ ခုနှစ်မှ စတင်ကာ ၎င်းတို့၏မဲများအပြင် နိုင်ငံလက်ရွေးစင်အသင်းများမှ နည်းပြများနှင့် အသင်းခေါင်းဆောင်များ၏ မဲများကိုပါ ထည့်သွင်းတွက်ချက်ခဲ့ခြင်းဖြစ်သည်။ 

၂၀၂၁ ခုနှစ်အတွက် Ballon d'Or ဆုပေးပွဲကို နိုဝင်ဘာ ၂၉ ရက်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပမည်ဖြစ်ပြီး ယင်းဆုအတွက် မက်ဆီက ရေပန်းအစားဆုံးဖြစ်နေသည်။ 

    

ဥရောပမီဒီယာအချို့ကမူ ပြင်သစ်ဘောလုံးမဂ္ဂဇင်းအနေဖြင့် ၂၀၂၁ Ballon d'Or ဆုကိုရရှိကြောင်း မက်ဆီထံ သတင်းပေးပို့ပြီးဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။ 

သို့သော် ပြင်သစ်ဘောလုံးမဂ္ဂဇင်း အယ်ဒီတာတစ်ဦးဖြစ်သူ ပါစကယ်လ်ဖယ်ရီက ၂၀၂၁ Ballon d'Or ဆုရှင်ကို မဆုံးဖြတ်ရသေးကြောင်း Bild သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဖယ်ရီက "Ballon d'Or ဆုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက အဓိပ္ပာယ်မရှိတဲ့သတင်းတွေ အများကြီး ထွက်ပေါ်ခဲ့ပါတယ်။ လုံးဝအလိမ် အညာတွေချည်းပါပဲ"ဟု ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ 

    

မက်ဆီသည် ယခုရာသီတွင် PSG အသင်း၌ ခြေစွမ်းပြရန် ရုန်းကန်နေရသော်လည်း အာဂျင်တီးနားအသင်းနှင့်အတူ ၂၀၂၁ ကိုပါအမေရိကချန်ပီယံဆုကို ရယူနိုင်သဖြင့် Ballon d'Or ဆုအတွက် ဘွတ်ကီဒိုင်များ၏ အလေးပေးမှုတွင် ရေပန်းအစားဆုံး ဖြစ်နေသည်။ 

၎င်း၏နောက်တွင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးနှင့် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာတို့က အသီးသီးရပ်တည်လျက်ရှိသည်။

Most Read

Most Recent